ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း ထောင်အနှစ် ၂၀ ချမှတ်ခံရ

2022.02.18
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း ထောင်အနှစ် ၂၀ ချမှတ်ခံရ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ကို တွေ့ရစဉ်
Photo: RFA

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ပဲခူးတိုင်း တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်တယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေမှာ ဒီနေ့ဖော်ပြပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅  နဲ့ အမှု ခုနစ်မှုခွဲပြီးတော့ အရေးယူ ခဲ့တာဖြစ်ပြီး အမှုအားလုံးအတွက် ဖေဖော်ဝါရီလ ၁၇ ရက် မနေ့က အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

သူဟာ လုပ်ငန်းရှင်တွေက အစိုးရကိုလှူတဲ့ အလှူငွေတွေကို ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းတွေအတိုင်း မဆောင်ရွက်တာ၊ အစိုးရထံအလှူငွေကို ပါတီအတွက်သုံးစွဲတာ၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်းတွေမှာ တင်ဒါလုပ်ထုံးလုပ်နည်းတွေအတိုင်း မဆောင်ရွက်လို့ နိုင်ငံတော်ဘဏ္ဍာနစ်နာတာ စတဲ့အချက်တွေနဲ့ စွပ်စွဲခံခဲ့ရတာပါ။

အခုလို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်တာဟာ စစ်ကောင်စီက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်နေတာလို့ NLD ပါတီဝင်တစ်ဦးက RFA ကိုပြောပါတယ်။

 "ဒါတွေဟာ အပြစ်မရှိ အပြစ်ရှာပြီးတော့ သက်သက် NLD ပါတီကို ရပ်တည်လို့ မရအောင်ကို အမျိုးမျိုး နှိပ်ကွပ်နေတဲ့သဘောပါပဲ။ တကယ်တမ်းကျတော့ တရား ဥပဒေအရရော အခြေခံဥပဒေအရရော ဘာမှညီညွတ်ခြင်းမရှိတဲ့ အနေအထားမျိုးပါ"

RFA ကပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ၊ အစိုးရ ဝန်ထမ်းတွေ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့  အရေးယူခံရတာ လက်ရှိအချိန်ထိ ၅၆ ဦးထိရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။