ပဲခူးတိုင်းအနောက်ခြမ်းမှာ ကျောင်းသားတွေကိုပါ စစ်မှုထမ်းဖို့ခေါ်နေ

RFA Burmese
2024.05.07
ပဲခူးတိုင်းအနောက်ခြမ်းမှာ ကျောင်းသားတွေကိုပါ စစ်မှုထမ်းဖို့ခေါ်နေ ပေါင်းတည်မြို့ တစ်နေရာအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Paungde Scount Network

စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂) အတွက် ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်လေးခုကနေ ကျောင်းတက်နေဆဲ တက္ကသိုလ်ကျောင်းသားတွေအပါအဝင် လူငယ်တစ်ရာနီးပါးကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက မေလ ၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။

ဧပြီလတတိယပတ်အတွင်း ပေါင်းတည်၊ သဲကုန်း၊ နတ်တလင်း၊ ဇီးကုန်းမြို့နယ်တို့ကနေ လူငယ် ၉၅ ဦးကို လိုက်လံဖမ်းဆီးစုဆောင်းခဲ့ပြီး ရန်ကုန်-ပြည်ကားလမ်းဘေးမှာရှိတဲ့ အင်းမမြို့က အမှတ် (၈၀) ခြေလျင် တပ်ရင်းထဲမှာ မေလ ၈ ရက် ဒီနေ့အထိ ခေါ်ထားတယ်လို့ ဆိုပါတယ်။

ကျောင်းတက်နေသူတွေကို ယာယီကင်းလွတ်ခွင့်ပေးမယ်လို့ ထုတ်ပြန်ထားပေမယ့် အခုဖမ်းဆီးတဲ့အထဲ ကျောင်းတက်နေဆဲ တက္ကသိုလ်ကျောင်းသားလူငယ်တချို့ ပါဝင်နေတယ်လို့ ပေါင်းတည်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုစုဆောင်းခံရတဲ့ လူငယ်တွေထဲမှာ ကျောင်းတက်နေဆဲ ကလေးတွေလည်းပါတယ်။ အဲဒါ ယာယီ ကင်းလွတ်ခွင့်ရဖို့ပေါ့နော် အထောက်အထားနဲ့တကွ လုပ်ထုံးလုပ်နည်းအတိုင်း ပေါင်းတည်ထွေအုပ်ကို တင်ပြ ထားတယ်။ ဗဟိုစစ်မှုထမ်းဆင့်ခေါ်ရေးကိုလည်း ဖုန်းဆက်ပြီးပြောတယ်။ ဒါပေမဲ့ မရဘူး အခု အဲဒီလူငယ်တွေကို သင်တန်းလွှတ်ဖို့ လုပ်နေပြီ”

ဖမ်းဆီးခံရတဲ့အထဲ ပေါင်းတည်မြို့နယ်က ၄၄ ဦးနဲ့ အများဆုံးပါဝင်ပြီး ပြည်တက္ကသိုလ်မှာ ကျောင်းတက်နေဆဲ မြန်မာစာအထူးပြု စတုတ္ထနှစ်ကျောင်းသား ကိုကောင်းထက်အောင်နဲ့ သမိုင်းအထူးပြု စတုတ္ထနှစ်ကျောင်းသား ကိုဝင်းမိုးကျော်တို့ ပါဝင်နေတယ်လို့ ဆိုပါတယ်။

မေလ ၇ ရက် မနေ့က အဲဒီကျောင်းသားလူငယ်နှစ်ဦးနဲ့ ဘွဲ့ရလူငယ်နှစ်ဦး စုစုပေါင်းလေးဦးကိုရွေးထုတ်ပြီးနောက် ပဲခူးမြို့က အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်ကို ပို့ဆောင်လိုက်ပြီး စစ်သင်တန်းတက်ခိုင်းဖို့ စီစဉ်နေပြီလို့ ပေါင်းတည်ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို ဒီအပေါ် တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ရဲ့ ဧပြီလ ၁၃ ရက်နေ့ စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် နိုင်ငံတစ်ဝန်းက လူငယ်ငါးထောင်ခန့်ဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) အတွက် စစ်သင်တန်းကျောင်း ၁၅ ကျောင်းကို ပို့ဆောင်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။