မန္တလေးမှာ ဗကသ ကျောင်းသားတွေ လမ်းလျှောက်ဆန္ဒပြ
2016.01.20

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ ပြီးခဲ့တဲ့နှစ်က စတင်ဆန္ဒပြတောင်းဆိုကြတဲ့ အထက်မြန်မာပြည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ အဖွဲ့ဝင်တွေဟာ တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့မှာ ဒီကနေ့ လမ်းလျှောက်ဆနပ္ဒြခဲ့ကြပါတယ်။
တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထိန်းသိမ်းခံထားရဆဲ ကျောင်းသူကျောင်းသားတွေကို လွှတ်ပေး ဖို့ တောင်းဆိုကြောင်း ကျောက်ဆည်ခရိုင် ဗကသအဖွဲ့ဝင် ကိုအောင်မင်းခန့်က ပြောပါတယ်။
"ကျနော်တို့ရဲ့ ကျောင်းသားခေါင်းဆောင်တွေ သာယာဝတီထောင်မှာ ဖမ်းဆီးခံထားရပါတယ်၊ အဲဒီ့လိုပဲ အင်းစိန်ထောင်၊ တခြားမြင်းခြံထောင်တွေမှာလည်း လယ်သမား၊ အလုပ်သမားတွေ ဖမ်းဆီးခံထားရပါတယ်၊ အပြောင်းအလဲကို ဖော်ဆောင်နေပြီ ဆိုတဲ့အတွက်ကြောင့်မို့ အဲဒီ့လယ်သမားတွေ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေကို ဆက်လက်ပြီး ဖမ်းဆီးထားခြင်းမပြုဘဲနဲ့ လွှတ်ပေးဖို့ရန်အတွက် ကျနော်တို့ မန္တလေးမြို့ပေါ် မှာ ကျောင်းသားတွေစုပြီး ဆန္ဒထုတ်ဖော်နေတာဖြစ်ပါတယ်"
ဆန္ဒပြပွဲကို အထက်မြန်မာပြည် ဗကသက ဦးဆောင်တာဖြစ်ပြီး ကျောင်းသူ ကျောင်းသား ၈၀ လောက်ပါဝင်ခဲ့ကြ တယ်။ သက်ဆိုင်ရာထံမှာ ခွင့်ပြုချက်တောင်းခံခြင်းမရှိတဲ့အတွက် မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဥပဒေနဲ့အညီ ခွင့်ပြုချက်ယူဖို့ သတိပေးခဲ့ပါတယ်။
ဆန္ဒပြကျောင်းသား ကျောင်းသူတွေဟာ မန္တလေးဈေးချိုကနေ စတင်လမ်းလျှောက်ပြီး မန္တလေးတက္ကသိုလ်ရှေ့မှာ အဆုံးသတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က မန္တလေးမြို့ ကံတက်ကုန်း ဘုန်းကြီးကျောင်းတိုက်မှာ ကျောင်းသား ကျောင်း သူတွေ စုပေါင်းပြီး အမျိုးသားပညာရေးကို ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းကို စတင်ခဲ့တာဖြစ်ပါတယ်။
အဲဒီသပိတ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့နှစ် မတ်လမှာ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ရောက်ရှိစဉ် အစိုးရ၊ လွှတ်တော်၊ ကျောင်းသားကိုယ်စားလှယ်တွေနဲ့ NNER အဖွဲ့တို့ ညှိနှိုင်းမှုမပြေလည်ဘဲ ဖြိုခွဲခံခဲ့ရပြီး ကျောင်း သား ကျောင်းသူနဲ့ ဝန်းရံသူတွေ ဖမ်းဆီးခံခဲ့ရပါတယ်။ လက်ရှိအချိန်ထိ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရသူ ၅၀ ကျော် ရှိနေပါတယ်။