အစိုးရသစ်နဲ့ ညှိနှိုင်းလုပ်ဆောင် သွားဖို့ ဗကသ ကြေညာ


2016.04.09
students-free-620.JPG လွတ်မြောက်လာတဲ့ ကျောင်းသားခေါင်းဆောင် ကိုနန္ဒာစစ်အောင်နဲ့ မဖြိုးဖြိုးအောင် တို့ကို ဧပြီလ ၈ ရက်နေ့က သာယာဝတီတရားရုံးမှာတွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်တစ်ရပ်ပေါ်ထွန်းလာရေးအတွက် အစိုးရသစ်နဲ့ ညှိနှိုင်းဖော်ဆောင်သွားမယ့်အကြောင်း ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က ဧပြီလ (၉) ရက်၊ မနေ့က ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

အရင်အစိုးရလက်ထက်မှာ ကျောင်းသားပြည်သူတွေရဲ့တောင်းဆိုမှုကို မျက်ကွယ်ပြုခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေအတွက် တောင်းဆိုထားတဲ့ အချက် (၁၁) ချက်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရသစ်၊ လွှတ်တော်သစ်တို့နဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ဗကသများအဖဲ့ွချုပ် ဗဟိုလုပ်ငန်းကော်မတီ၊ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က RFA ကို ပြောပါတယ်။

"အမျိုးသားပညာရေးဥပဒေကို အရင်အစိုးရကတောင်းဆိုမှုတွေကို လျစ်လျူရှုပြီးတော့ အဓမ္မပြဌာန်းခဲ့ တယ်ပေါ့နော်၊ အရင်အစိုးရလက်ထက်မှာတည်းကိုက အချက်တစ်ချက် ကိုညှိတဲ့အခါမှာ အလျှော့ အတင်းတွေအရင်အစိုးရနဲ့ ဆောင်ရွက်ခဲ့ပါတယ်၊ ဒီဖက်ပြည်သူ့အစိုးရနဲ့ဆိုရင် ပိုပြီးတော့ညှိနှိုင်းလို့ အဆင်ပြေမှာပါ၊ ဖယ်မပေးနိုင်ဘူး၊ လျှော့မပေးနိုင်ဘူးဆိုတဲ့ တင်းမာမှုမျိုး ကျနော်တို့ဖက်မှာလည်းမရှိသလို၊ အစိုးရက ကျနော်တို့ထက်အမျှော်အမြင်ရှိတဲ့ပုဂ္ဂိုလ်တွေလည်း ပါဝင်နေတဲ့အတွက် သူတို့ချပေးတဲ့အချက် အလက်တွေမှာလည်း ကျနော်တို့ကအများကြီးပြန်ပြီးတော့ ချိတ်ဆက်ဆောင်ရွက်ရမယ့်အပိုင်းတွေ လည်းရှိပါတယ်၊ ချက်ချင်းကြီးတော့ ညှိနှိုင်းမှုတွေ ဆောင်ရွက်မှာမဟုတ်သေးဘူး၊ အစိုးရအပေါ်မှာ နားလည်မှုတွေ အပြည့်ရှိတယ်၊ အချိန်တစ်ခုရောက်ရင် ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်၊ လွှတ်တော် အသစ်တွေလုပ်နိုင်ပြီဆိုတဲ့ အနေအထားရောက်ရင် ဗကသအနေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမှာပါ "

ပညာရေးဥပဒေပြင်ဆင်ပေးဖို့ တောင်းဆိုတဲ့အတွက်ကြောင့် ဖမ်းဆီးခံရတဲ့ ကျောင်းသူကျောင်းသားတွေ အပါအဝင်၊ ဝန်းရံသူတွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက် လာအောင် ကြိုးပမ်းပေးခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဗကသများအဖွဲ့ချုပ် က လေးစားကျေးဇူးတင်ကြောင်းကိုလည်း အဲဒီကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အကျဉ်းထောင်တွေအတွင်း ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည်လွှတ်မြောက်လာရေးအတွက် ဆက်လက်ကြိုးပမ်းပေးဖို့ကို လည်း တောင်းဆိုထားပါတယ်။

ဗကသများအဖွဲ့ချုပ်အနေနဲ့လည်း အဖွဲ့ကို စံနစ်တကျ ပြန်လည်တည်ဆောက်ဖွဲ့စည်းပြီး သူတို့အဖွဲ့ရဲ့ အခြေခံမူ (၅) ချက်နဲ့အညီ လုပ်ငန်းတွေကို ချမှတ် လုပ်ဆောင်သွားမယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ ပြုပြင်ပြောင်း လဲရေးနဲ့ လူထုအကျိူးစီးပွား လိုအပ်ချက်တွေမှာ ပြည်သူတွေနဲ့ တသားတည်းအတူ လက်တွဲ ဆောင်ရွက်သွား မှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။