ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ လာရောက်ရေး ရွှေ့ဆိုင်း
2015.05.24

မြန်မာ့ရေပိုင်နက်အတွင်း တပ်မတော်ရေတပ်က တွေ့ရှိ ကယ်ဆယ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေစီး ဒုက္ခသည် ၂၀၈ ယောက် နဲ့ပတ်သက်ပြီး၊ စီစစ် အတည်ပြု ပြန်လည် ခေါ်ယူရေး အတွက် ကိုယ်စား လှယ်အဖွဲ့ စေလွှတ်ရေးကိစ္စကို ဘင်္ဂလားဒေ့ရှ်ဘက်က ဆိုင်းငံ့လိုက်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြန်မာ့ရေပိုင်နက်အတွင်း တပ်မတော်ရေတပ်က တွေ့ရှိခဲ့တဲ့ လှေစီး ဒုက္ခသည် ၂၀၈ ယောက်ကို အလယ်သံကျော်ရွာမှာ ယာယီ ခိုလှုံခွင့်ပြုထားပြီး၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက် မှုတွေ ဆောင်ရွက်ပေးနေကြောင်း၊ မေးမြန်းစုံစမ်း မှုတွေအရ သူတို့ဟာ ဘင်္ဂလားဒေ့ရှ် က လာသူတွေဖြစ်ကြောင်းသိရတဲ့အတွက်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက် ကိုဖိတ်ခေါ် ထားကြောင်း မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း အဆင့်မြင့်အဖွဲ့တစ်ဖွဲ့စေလွှတ်ပြီး၊ သူတို့ နိုင်ငံသားတွေကို စီစစ်အတည်ပြု ပြန် လည်ခေါ်ယူသွားမယ်လို့ စာပေးပို့ထားကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှူးက ပြောဆိုတယ်လို့ ဘင်္ဂလားဒေ့ရှ် အင်ဒီပင်းဒင့် သတင်းစာ က ဖော်ပြပါတယ်။
ဒါပေမဲ့ bdnews24.com သတင်းမှာတော့ မြန်မာရေတပ်က ကယ်ဆယ်ထားတဲ့ ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်း လှေ စီးဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူဖို့ အတွက် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရေးကိစ္စကို ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်က ဆိုင်းငံ့ထားလိုက်ပြီး၊ အဲဒီ ဒုက္ခသည်တွေရဲ့ မည်သူ မည်ဝါဖြစ်ကြောင်း အထောက်အထား အသေးစိတ်စာရင်းကို တောင်းခံထားတယ်လို့ ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်က အဖွဲ့ဝင် ၁၁ ဦးပါ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာဘက်ကို မနေ့မနက်က လာရောက် ဖို့ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ မြန်မာဘက် က ပေးပို့ခဲ့တဲ့ လူ ၂၀၀ စာရင်းမှာ လူအမည်နဲ့ ခရိုင်အမည်တွေ သာပါပြီး၊ အသေးစိတ်အချက်အလက် တွေ မပါဝင်တဲ့အတွက် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရေးကို ဘင်္ဂလားဒေ့ရှ် ဘက်က ဆိုင်းငံ့ထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။