ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီရက်ပိုင်း ပြန်ပို့မယ်
2024.04.20

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားစောင့်ရဲတွေကို လာမယ့်ဧပြီလ ၂၂ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းသွားဖို့ရှိတယ်လို့ ဒီအခြေအနေကိုသိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအချို့က RFA ကို ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dr. Mohammed Hasan Mahmud ကလည်း နယ်စပ်ဖြတ်ကျော်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၅ ဦးနဲ့ မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ လဲလှယ်မယ်လို့ ဧပြီလ ၁၉ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Territorial News က ရေးသားထားပါတယ်။
ဒီအကြောင်းကိုသိတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦးက ကော့ဘဇား(Cox's Bazar) ခရိုင်မှာရှိတဲ့ အင်နာနီ (Inani) ဆိပ်ခံတံတားကနေတစ်ဆင့် ဧပြီလ ၂၂ ရက်နေ့မှာ အလဲအလှယ်လုပ်မှာလို့ RFA ကိုပြောပါတယ်။
“နယ်ခြားစောင့်ရဲ ၂၈၅ ယောက် သူတို့ကို ရေကြောင်းကနေပြီးတော့ သင်္ဘောနဲ့ပြန်ပို့ဖို့ အတည်ပြုလို့ရပြီ။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ ကိုလည်း အဲဒီကနေ ပို့လိုက်မယ်။ အလဲအလှယ် လုပ်ကြမှာ။ နိုင်ငံခြားရေးဝန်ကြီးက ပြောထားတာပါ ဒီဟာကို”
မြန်မာဘက်မှာ ပိတ်မိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ ကတော့ ဘယ်သူဘယ်ဝါဆိုတာ တိတိကျကျ မပြောထားပေမယ့် ဖမ်းဆီးခံထားရသူတွေနဲ့ ထောင်ချခံထားရသူတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ဖြစ်ခဲ့တဲ့ မောင်တောမြို့နယ် မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံခဲ့တဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်၊ ဝန်ထမ်းနဲ့ မိသားစုဝင် သုံးရာကျော်ကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာပဲ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။
ဧပြီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေကလည်း စစ်ကောင်စီတပ်သားနဲ့ နယ်ခြားစောင့်ရဲ ခြောက်ဆယ်နီးပါး တက္ကနာမြို့ကို ထွက်ပြေးခိုလှုံလာကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောဆိုထားပါတယ်။