မြန်မာ့ရွေးကောက်ပွဲအတွင်း ဘာသာလူမျိုး ပဋိပက္ခဖြစ်မှာ ကုလစိုးရိမ်
2015.11.02

မြန်မာနိုင်ငံမှာ ဘာသာလူမျိုးဆိုင်ရာ ပဋိပက္ခတွေ ပေါ်ပေါက်စေနိုင်တဲ့ မုန်းတီးရေးစကားတွေ၊ လှုံ့ဆော်တဲ့ လုပ်ရပ်တွေ၊ ဘာသာရေးကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ အလွဲသုံးစားလုပ်တာတွေ ဆက်လက်ပေါ်ပေါက်နေတဲ့အတွက် မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချူပ် ဘန်ကီမွန်း က တနင်္ဂနွေနေ့ ညနေပိုင်းက ကြေညာချက် ထုတ်ပြန်ပါတယ်။
ဒါ့ပြင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေအပေါ် ရန်လိုတဲ့ပြောဆိုမှုတွေ၊ အထူးသဖြင့် ကုလသမဂ္ဂ ရဲ့ ပေးအပ်တဲ့တာဝန်ကို ထမ်းဆောင်နေတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ ကို ထိခိုက်နစ်နာအောင် ပြောဆိုတာတွေ တစ်ကြိမ်မကရှိခဲ့ပြီး၊ အခုလိုလုပ်ရပ်တွေ ဆက်လက်ပေါ်ပေါက်ခွင့် ရနေတာတွေဟာ နိုင်ငံတကာအလယ်မှာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့ ဖေါ်ပြထားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချူပ်အနေနဲ့ သမ္မတဦးသိန်းစိန်ဆီကို စာတစ်စောင် ရေးသားပေးပို့ခဲ့ရာမှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ Yanghee Lee ရဲ့ အရေးကြီးတဲ့ ဆောင်ရွက်မှုတွေအပေါ် အပြည့်အ၀ ယုံကြည်ထောက်ခံနေကြောင်းလည်း ဖေါ်ပြထားတယ်လို့ ကြေညာချက်မှာ ပါဝင်ပါတယ်။
အခုလို ရွေးကောက်ပွဲ နီးကပ်လာနေတဲ့အချိန်မှာ ပုဂ္ဂိုလ်ရေးအရပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းကိုပဲဖြစ်ဖြစ်၊ လူမျိုး၊ ဘာသာ၊ နိုင်ငံရေးသဘောထား၊ ကျားမ ကွဲပြားမှုတွေနဲ့ ပတ်သက်ပြီး ခွဲခြားတာတွေ၊ အမုန်းပွားအောင် လှုံ့ဆော်တာတွေစေမယ့် အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့လည်း ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။