ဗန်းမောက်မှာ တိုက်ပွဲကြောင့် ဒေသခံ တစ်သောင်းခန့် ထွက်ပြေးနေရ

RFA Burmese
2023.05.21
ဗန်းမောက်မှာ တိုက်ပွဲကြောင့် ဒေသခံ တစ်သောင်းခန့် ထွက်ပြေးနေရ ဗန်းမောက် ပြည်သူ့ကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
Banmauk Revolution - BR

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်က ကြောင်လည်ရွာအနီးမှာ မေလ ၂၀ ရက်မနေ့က စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တာကြောင့် ကြောင်လည်ရွာ အပါအဝင် အနီးမှာရှိတဲ့ရွာတွေက ဒေသခံ တစ်သောင်းခန့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြောင်လည်၊ မံထွန်၊ မံစီကြီး၊ မံလူ၊ ကံကြီးကုန်းရွာတွေ အပါအဝင် ဗန်းမောက်မြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ရွာအများစုက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

လက်ရှိ ဗန်းမောက်မြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲရှိလာနိုင်လို့ ဒေသခံတွေရှောင်ပေးဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စာပစ်သတိပေးတာတွေရှိနေ တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဗန်းမောက်မြို့ပေါ်မှာနေတဲ့ ပြည်သူလူထုကို မြို့ပေါ်ကရှောင်ဖို့ရာ စာကမ်းတာ၊ စာပစ်တာပေါ့လေ အဲလိုတော့ရှိတယ်။ အဲဒီနောက်ပိုင်းမှာ ပြည်သူလူထုတွေက ထွက်တဲ့ဟာကလည်းထွက် တချို့ကလည်း မြို့ပျက်မှာစိုးတဲ့အခါ ကိုယ့်ရဲ့ မြို့ပျက်မှာစိုးလို့ မရှောင်ပေးကြတာလည်းရှိတယ်ဗျ”

ကြောင်လည်နဲ့ မံထွန်ရွာအနီးမှာ မေလ ၂၀ ရက် မနေ့မနက် ၉ နာရီခန့်ကစပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ခဲ့ပြီး နေ့လယ် ၂ နာရီခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ ဆက်သွယ်ရေး အခက်အခဲကြောင့် ဒေသခံတွေကိုယ်တိုင် အတိအကျမသိရသေးသလို RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဗန်းမောက်မှာ ဆယ်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေသလို စစ်ကောင်စီဘက်က ဒေသခံတွေရဲ့ ဖုန်းအသုံးပြုတာကိုလည်း ဟန့်တားထိန်းချုပ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမောက်မြို့နယ် တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံခုနစ်သိန်းခွဲ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။