ဘူးသီးတောင်-မောင်တောလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်

RFA Burmese
2024.04.09
ဘူးသီးတောင်-မောင်တောလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန် ရခိုင်ပြည်နယ်၊ မောင်တော-ဘူးသီးတောင် မြို့ချင်းဆက်ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းက ဘူးသီးတောင်-မောင်တော မြို့ချင်းဆက်ကားလမ်းက မေယုတောင်ကြားမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ အချိန်တစ်ပတ်ကြာသည်အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် အနီးဝန်းကျင်က လူတစ်ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၄ ရက်နေ့ကနေ ဧပြီလ ၉ ရက်အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး လေးမိုင်၊ သစ်တောရွာ၊ မကျည်းကုန်း စတဲ့ ရွာတွေကဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေရှိနေတာကြောင့် တောတောင်တွေထဲကို ထွက်ပြေးနေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လောလောဆယ် အရေးကြီးဆုံးဖြစ်နေတာ လေးမိုင်ပတ်ဝန်းကျင် ခြောက်မိုင်နဲ့ ခုနှစ်မိုင်ကြား အနီးပတ်ဝန်းကျင် အမြှောက်ကြီးတွေနဲ့ တစ်ဖက်နဲ့တစ်ဖက်ပစ်ခတ်နေကြတယ်။ ဧပြီလ ၄ ရက်နေ့ကစပြီး ဖြစ်နေတာ အခုထိဖြစ်နေတုန်းပါ”

၁၆ မိုင်ရှည်လျားတဲ့ ဘူးသီးတောင်-မောင်တောကားလမ်းကို AA က ထိန်းချုပ်ထားပြီး မတ်လကုန်ပိုင်းကလည်း အင်အားလာဖြည့်တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၈ ရက်နေ့ကတော့ မောင်တောမြို့မှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုမှာ ကြိမ်ချောင်းရွာထဲ ကျရောက်ပေါက်ကွဲပြီး နေအိမ်တချို့မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးရှိနေတာကြောင့် လတ်တလောဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်းက အရေးပါတဲ့ တပ်စခန်းတချို့နဲ့ ဘူးသီးတောင်မြို့နယ်က စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၅၂)၊ (၅၆၄) တို့ကိုလည်း ရက္ခိုင့်တပ်တော် AA သိမ်းယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။