နောင်ချိုမြို့ပေါ်မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ
2024.06.26

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက် မနက်ပိုင်းအထိ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ရဲ့ အရေးပါတဲ့နေရာ အားလုံးနီးပါကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်စခန်းတွေရှိတဲ့ အနီးအနား နေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ခမရ (၁၁၅) စစ်တပ်ကနေ ပစ်တဲ့အသံ ကြားနေရတယ်။ နောက်ပြီး ကံကြီးလမ်းပေါ်က ဒုံးတပ်ကနေလည်း ဆက်တိုက်ပစ်နေတာ ဒီမနက်အထိပဲ။ မြို့ထဲမှာက ရဲစခန်းတွေ ဘာတွေကို သိမ်းထားပြီးပြီ။ မိုးဇလ ရုံးနားကနေလည်း ပစ်နေတဲ့အသံ ကြားရတုန်းပဲ”
မြို့ခံတွေကတော့ မြို့တွင်းလုံခြုံတဲ့နေရာတွေနဲ့ နေအိမ်တွေမှာပဲ ဆက်လက်နေထိုင်နေကြတယ်လို့ ပြောပါတယ်။
ဇွန်လ ၂၅ ရက် မနက်ပိုင်းမှာ စတင်တဲ့ တိုက်ပွဲကြောင့် ကျောက်ကြမ်းကျေးရွာက နေအိမ်အတော်များများ ပျက်စီးခဲ့ပြီး ကားမောင်းလာတဲ့ အမျိုးသားနှစ်ဦး ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ကြမ်းရွာအနီး သဖန်းကိုင်းရွာမှာတော့ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပါတယ်။
အလားတူ ကျောက်မဲမြို့မှာလည်း ဇွန်လ ၂၅ ရက်မှာ လက်နက်ကြီးကျည် ထိမှန်ပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လေးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တစ်ကျော့ပြန် ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာလည်း လက်ခံဖြေဆိုတာ မရှိပါဘူး။
TNLA ထုတ်ပြန်ချက်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ သီပေါမြို့နယ်တွေမှာ အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ၁၀၂၇ စစ်ဆင်ရေးရဲ့ အဆက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။