ဂျပန်က မြန်မာတွေ ငလျင် သတိထားပါ
2016.04.16
ဂျပန်နိုင်ငံ ကျူရှူးကျွန်းက ကူမာမိုတိုခရိုင်မှာ ဒီနေ့ ပြင်းအား ၇ ဒသမ ၃ ရှိတဲ့ငလျင် ထပ်မံလှုပ်ခတ် ခဲ့ပြီး နောက်ဆက်တွဲ လှုပ်ခတ်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် မြန်မာနိုင်ငံသားတွေအနေနဲ့ သတိဝီရိယ ရှိရှိ နေထိုင်ကြဖို့ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးက နှိုးဆော်လိုက်ပါတယ်။
ကူမာမိုတိုခရိုင်မှာရှိတဲ့ တက္ကသိုလ်တွေမှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသား ကျောင်းသူတွေနဲ့ မြန်မာနိုင်ငံ သားတွေကို ဘေးကင်းတဲ့နေရာကို ရွှေ့ပြောင်းဖို့ စီစဉ်နေတယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယ အတွင်းရေးမှုး ဒေါ်ခိုင်မာဝင်းဇင်သန့် က ပြောပါတယ်။
"ငလျင်ဘေးဒဏ်သင့်တဲ့နေရာမှာ အဓိကအားဖြင့်အဲ့နားမှာ ကူမာမိုတိုတက္ကသိုလ်နားမှာ တက်နေတဲ့ မြန်မာနိုင်ငံသားတွေရှိပါတယ်၊ ပြင်ပမိသားစု နှစ်စု၊ သုံးစုလည်းရှိပါတယ်၊ ပြင်ပကလူတွေ အနေနဲ့ကတော့ ခုလောလောဆယ် စိတ်ချရတဲ့အခြေအနေရှိပါတယ်၊ ကျောင်းသားတွေကတော့ ကျောင်းကစီ စဉ်ပေးတဲ့နေရာမှာ နေပြီးတော့ ဒီနေ့ နေ့လည်ပိုင်းမှာရွှေ့ပြောင်းပေးမှာဖြစ်ပါတယ်၊ သံရုံးအနေနဲ့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းပေးနေတာဖြစ်ပါတယ်"
ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာကျောင်းသားတွေ ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကူညီကယ် ဆယ်ရေးဆောင်ရွက်နိုင်ဖို့အတွက် အရေးပေါ်အဖွဲ့တစ်ခု ဖွဲ့စည်းထားတယ်လို့လည်း ဒေါ်ခိုင်မာဝင်းဇင်သန့် က ပြောပါတယ်။
ဂျပန်နိုင်ငံမှာ ပညာသင်နေတဲ့ ကျောင်းသား ကျောင်းသူနဲ့ မိသားစုဝင်တွေ ၄၀ လောက်ရှိပြီး ရွှေ့ပြောင်း အလုပ်သမားအရေအတွက်ကိုတော့ သံရုံးအနေနဲ့ အတိအကျမသိဘူးလို့လည်း ပြောပါတယ်။
ငလျင်ဒဏ်ကျရောက်နိုင်တဲ့နေရာတွေမှာ ဂျပန်အစိုးရက သတိပေးမှုတွေ လိုက်လံဆောင်ရွက်နေပြီး ကယ်ဆယ်ရေးစခန်းတွေကို ပို့ဆောင်ပေးနေတယ်လို့ အိုအိတမြို့မှာနေတဲ့ Ritsumeikan Asia Pacific University ကျောင်းသား ကိုဇာဏီထွဏ်းက ပြောပါတယ်။
"ကူညီကယ်ဆယ်ရေးကတော့ တော်တော်ကောင်းတယ်ပြောရမယ်၊ လူထုနဲ့ အစိုးရနဲ့က တစ်သားတည်း လိုပဲ၊ လူတိုင်းလက်ထဲမှာလည်း ဖုန်းတွေရှိနေတယ်၊ ဖုန်းကအလိုအလျောက်စာတိုလေးတွေ ပို့ပေးနေတာ၊ နောက်တစ်ခုက သွားမယ်၊ လာမယ်ဆိုရင် ကယ်ဆယ်ရေးစင်တာတွေအကုန်လုံးကို ချက်ချင်းပို့ပေးတယ်၊ ကယ်ဆယ်ရေးစင်တာမှာ လိုအပ်တာတွေ အကုန်ပေးတယ်ပေါ့နော်"
ကူမာမိုတိုခရိုင်မှာ မနေ့က ၆ ဒသမ ၅ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး ဒီနေ့မနက်မှာ ဒုတိယအကြိမ် ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ မနေ့က လှုပ်ခတ် မှုကြောင့် အနည်းဆုံး လူ ၉ဦး သေဆုံးကာ လူ ၈၀၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် လူဦးရေ လေးသောင်းခွဲနီးပါးကို ဂျပန်အစိုးရက ကယ်ဆယ်ရေး စခန်းတွေမှာ စောင့်ရှောက်ထားရတယ်လို့လည်း မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။