အွန်လိုင်းငွေလိမ်လုပ်ငန်းတွေက နိုင်ငံခြားသား ၂၁၀ ဦးကို ထပ်မံဖမ်းဆီးရမိကြောင်း စစ်ကောင်စီထုတ်ပြန်

RFA Burmese
2025.02.20
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေက နိုင်ငံခြားသား ၂၁၀ ဦးကို ထပ်မံဖမ်းဆီးရမိကြောင်း စစ်ကောင်စီထုတ်ပြန် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ရောက်ရှိလုပ်ကိုင်နေသူ နိုင်ငံခြားသားများအား စစ်ကောင်စီက နေရပ်ပြန်ပို့ရန် ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ဆောင်ရွက်နေစဉ်။
Photo: Myanmar Military

ကရင်ပြည်နယ် မြဝတီမြို့နယ်က အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၂၁၀ ဦးကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ထပ်မံစစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

နယ်စပ်ဒေသတွေကနေ မြန်မာနိုင်ငံထဲကို တရားမဝင်ဝင်လာပြီး ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ ရွှေကုက္ကိုနဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထိန်းချုပ်ထားတဲ့ KK Park မှာ ရောက်ရှိနေတဲ့ နိုင်ငံခြားသား ၂၁၀ ဦးကို စစ်‌ဆေးတွေ့ရှိခဲ့တာလို့ စစ်ကောင်စီက ပြောပါတယ်။

မြန်မာနိုင်ငံကို တရားမဝင် ဝင်လာပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား စုစုပေါင်း ၁၇၆၃ ဦးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂၀ ရက်နေ့အတွင်းမှာ စစ်ဆေးဖော်ထုတ်ခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

စစ်ကောင်စီထိန်းသိမ်းထားတဲ့ထဲက တရုတ်နိုင်ငံသား နှစ်ရာကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မနက်မှာ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေကို ဖေဖော်ဝါရီ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ ဆက်လက်လွှဲပြောင်းပေးမယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) သတင်းထုတ်ပြန်ရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။

စစ်ကောင်စီ ထုတ်ပြန်ချက်မှာတော့ တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၂၆၁ ဦးကို ထိုင်းနိုင်ငံကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်းနဲ့ ကျန်ရှိနေတဲ့ ၁၅၀၂ ဦးကို ဆက်လက်လွှဲပြောင်းပေးဖို့ အသင့်ဖြစ်နေပြီလို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။