ကျန်းမာရေးမှာ စစ်အရာရှိတွေ ခန့်ထားမည့်အစီအစဉ် ပြန် ရုပ်သိမ်း
2015.08.11

တပ်မတော်က အဆင့်မြင့်အရာရှိတွေကို ကျန်းမာရေးဝန်ကြီးဌာနမှာ ရွှေ့ပြောင်းတာဝန်ပေးမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ပြောပါတယ်။
တပ်မတော်အရာရှိတွေကို ကျန်းမာရေးဝန်ကြီးဌာနမှာ ခန့်အပ်ဖို့အတွက် ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဆရာဝန်အများစုက လက်မခံတဲ့အတွက် အစီအစဉ်ကို ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာသန်းအောင်က ပြောပါတယ်။
"မကြိုက်ဘူးဆို မခေါ်ဘူးပေါ့ဗျာ၊ ရန်ကုန်ဆေးရုံကြီးမှာ အောက်ခြေဝန်ထမ်း ၅ဝဝ ကျော်ရှိတယ်၊ အန်ကယ် တာဝန်မယူခင်ကနဲ့ တာဝန်ယူပြီးတဲ့အခါ ရန်ကုန်ဆေးရုံကြီးမှာ သန့်ရှင်းရေးတွေ၊ လုံခြုံရေးတွေ သမီးတို့မြင်တဲ့ အတိုင်းပဲ၊ ဒီလူတွေကို စီမံခန့်ခွဲဖို့အတွက် ဆေးရုံအုပ်ကြီးတွေက မိန်းကလေးတွေဆို ဘယ်လိုအုပ်ချုပ်မလဲ၊ ဆရာဝန်ကြီးတွေကလည်း မိန်းကလေးတွေများတယ်လေ၊ ဆရာဝန်ဆိုတာ နဂိုကတည်းက နူးညံ့သိမ်မွေ့ပြီး သားလေ၊ ဒီလိုအုပ်ချုပ်ဖို့အတွက် တချို့နေရာတွေမှာ အုပ်ချုပ်တဲ့လူတွေလိုသေးတယ်၊ ဒါကြောင့် တချို့လူတွေ ပါလာတာပေါ့၊ မခေါ်နဲ့ဆိုရင်လည်း မခေါ်တော့ဘူး"
ပြီးခဲ့တဲ့ ဇူလိုင်လကုန်လောက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်မှူးကြီးတွေနဲ့ ဗိုလ်မှူးအဆင့်ရှိသူတွေကို ကျန်းမာရေးဝန်ကြီးဌာနမှာ ဒုတိယညွှန်ကြားရေးမှူးနဲ့ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်တွေမှာ တာဝန်ပေးခဲ့တာဖြစ်ပါတယ်။
အဲဒီအစီအစဉ်ကို ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပြီး ကန့်ကွက်တဲ့ဆရာဝန်အတော်များများဟာ အနက်ရောင်ဖဲကြိုးတွေ တပ်ဆင်ပြီး အင်တာနက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ဓာတ်ပုံတွေ စုပေါင်းတင်တဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် လက်မှတ်ထိုးကန့်ကွက်တဲ့ လှုပ်ရှားမှုတွေကိုလည်း ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလှုပ်ရှားမှုတွေမှာ ဥပဒေပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ အနုပညာရှင်တွေနဲ့ ဆေးကျောင်းသားတွေ ပါဝင်ခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးက ဒေါက်တာစည်သူအောင်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
တဆက်တည်း ကျန်းမာရေးဝန်ကြီးဌာနမှာ ယူနီဖောင်းဝတ် တပ်မတော်အရာရှိတွေခန့်ထားဖို့ အစီအစဉ်ကို ဆန့်ကျင်တဲ့ Black Ribbons အနက်ရောင် ဖဲကြိုးလှုပ်ရှားမှုတွေ ပေါ်ပေါက်နေတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။