မြန်မာသံအမတ်နဲ့ သံတမန် အယောက် သုံးဆယ်ကို NUG အမည်ပျက်စာရင်းသွင်း

RFA Burmese
2025.02.22
မြန်မာသံအမတ်နဲ့ သံတမန် အယောက် သုံးဆယ်ကို NUG အမည်ပျက်စာရင်းသွင်း ၂၀၂၁ ခုနှစ် ဧပြီလ ၈ ရက်နေ့က လန်ဒန်မြို့ မြန်မာသံရုံးရှေ့တွင် လက်သုံးချောင်းထောင် ဆန္ဒပြနေသူနှစ်ဦး။
AFP

ပြည်ပနိုင်ငံအသီးသီးက မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံးတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သံအမတ်ကြီးတွေနဲ့ သံတမန်တွေ စုစုပေါင်း အယောက် သုံးဆယ်ကို အမည်ပျက်စာရင်း (Blacklist) သတ်မှတ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ကြေညာပါတယ်။

အမည်ပျက်စာရင်းသတ်မှတ်ခံရတဲ့အထဲမှာ လန်ဒန်မြို့က မြန်မာသံရုံးနဲ့ လော့စ်အိန်ဂျလိစ်မြို့က မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွေ အပါအဝင် ပြည်ပမှာရှိတဲ့ မြန်မာသံရုံး၊ အဖွဲ့ရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သံအမတ်ကြီးတွေနဲ့ သံတမန် အမျိုးသား ၂၈ ယောက်၊ အမျိုးသမီး နှစ်ယောက်တို့ ပါဝင်ပါတယ်။

သူတို့ဟာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်မှာ အမိန့်ညွှန်ကြားချက်တွေကို နာခံပြီး CDM ဝန်ထမ်းတွေကို ဖိအားပေးအကျပ်ကိုင်တာ၊ လက်ရှိဖြစ်နေတဲ့ အမှန်တရားတွေကို ဖုံးကွယ်ပြီး စစ်အာဏာရှင်နဲ့ ပူးပေါင်းကာ နိုင်ငံတကာအသိုင်းအဝိုင်းကို မဟုတ်မမှန်သတင်းတွေ ဖြန့်ဝေတာ၊ ကြေညာချက်ထုတ်ပြန်တာတွေ လုပ်နေကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

လန်ဒန်မြို့က မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ်သက် တမ်းတိုးတဲ့အခါ CDM လုပ်ထားတဲ့သူတွေကို သံရုံးက သက်တမ်းတိုးမပေးခဲ့ဘူးလို့ လန်ဒန်ရောက် CDM ဆရာဝန်တစ်ယောက်က RFA ကို ပြောပါတယ်။

“သံရုံးက ပြန်ဖုန်းဆက်လာပြီးတော့ နာမည်က Blacklist ထဲမှာပါနေတယ်၊ တိုးပေးလို့မရဘူးပြောတယ်၊ အဲဒါကြောင့် နိုင်ငံပြင်ပလည်းထွက်လို့မရဘူး၊ အလုပ်လျှောက်တဲ့အခါမှာလည်း အခက်အခဲဖြစ်ရတယ်“

စစ်ကောင်စီကို ကိုယ်စားမပြုဘဲ ပြည်သူတွေဘက်က ရပ်တည်ပေးကြဖို့ NUG က သတိပေးနှိုးဆော်ထားပေမဲ့လည်း မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးတာတွေ၊ ကောင်စစ်ရေးရာကိစ္စတွေနဲ့ မြန်မာနိုင်ငံသားတွေ ပြည်ပမှာ ဆက်လက်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ကို ခက်ခဲအောင် နည်းမျိုးစုံနဲ့ ဖိနှိပ်နေကြပြီး၊ စစ်ကောင်စီရဲ့ အဓမ္မစစ်သား စုဆောင်းတာနဲ့ မတရားဖိနှိပ်တာတွေကို အကောင်အထည်ဖော်ပေးနေတယ်လို့ NUG ကြေညာချက်မှာ ဖော်ပြပါတယ်။

အရင် NUG က ထုတ်ပြန်ထားတဲ့ အမည်ပျက်စာရင်းမှာ ပါပြီးတဲ့သူတွေကို ထပ်မံသတိပေးပြီး အမည်ပျက်စာရင်း တတိယအသုတ် ၁၇ ယောက် နဲ့ စတုတ္ထအသုတ် ၁၃ ယောက် ကြေညာချက် နှစ်စောင် ဒီနေ့ ထပ်ထုတ်ပြန်တာဖြစ်တယ်လို့လည်း ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။