မြစ်ကြီးနားမှာ ဗုံးတလုံးပေါက်ကွဲ
2012.04.15
မနေ့ ညက မြစ်ကြီးနား သံလမ်းမှာ ညအချိန်ဗုံးကွဲတဲ့အကြောင်း မြို့ခံတစ်ယောက်က ပြောပြပါတယ်။
"မနေ့ ညက ၉ နာရီမထိုးခင်လေး တော်တော်လေးတော့ အသံကျယ်တယ်။ မနေ့ ညက မဏ္ဍပ်တွေလိုလို ဘာလိုလိုနဲ့ အခု မြစ်ကြီးနားအထွက် အေးမြသာယာ အထွက်က။ လူတွေ ဘာတွေတော့ မထိခိုက်ဘူး။ သံလမ်းနည်းနည်း ပျက်သွားတာ။ အဲဒီနေရာ ဟိုတစ်ခေါက်ကလည်း ဖြစ်ဖူးတာပဲ။ ရထားကတော့ ပုံမှန်သွားတယ်။ မနေ့ညက အဲလိုကွဲတဲ့အချိန်မှာ အကုန်လုံးပိတ်ပြီးတော့ လုံခြုံရေးက သံဆူးကြိုးတွေချပြီးမှ လူတွေကို အကုန်ပြန်ခိုင်းတယ်"
ဒီကိစ္စနဲ့ ပတ်သက်လို့ မြစ်ကြီးနား မီးရထားဌာနကို ဆက်သွယ် မေးမြန်းကြည့်တဲ့အခါ ဖုန်းကိုင်တဲ့ အမျိုးသမီးတစ်ယောက်က ရထားဇလီဖားတုံး အနည်းငယ် ပျက်စီးသွားပြီး အခုအခါ ရထားတွေ ပုံမှန်ပြေးဆွဲနေတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ လအနည်းငယ်ကစပြီး မြစ်ကြီးနားမြို့ပေါ်မှာ မကြာခဏ ဗုံးပေါက်ကွဲတာတွေရှိပြီး အာဏာပိုင်တွေကတော့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) လက်ချက်ဆိုပြီး စွပ်စွဲ ပြောဆိုရေးသားလေ့ရှိပါတယ်။