မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံ
2024.04.19

မြန်မာနိုင်ငံက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် နောက်ထပ် ၁၃ ဦး ဧပြီလ ၁၈ ရက်နေ့က နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ တက္ကနာမြို့ကို ရောက်ရှိလာကြောင်း ဒါကာမြို့အခြေစိုက် BSS သတင်းက ဧပြီလ ၁၉ ရက်နေ့ ဖော်ပြပါတယ်။
အဲဒီနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်ကနေ နတ်မြစ်ကို ဖြတ်ဝင်လာပြီးနောက် ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ထံမှာ လက်နက်ချခဲ့တယ်လို့ ဆိုပါတယ်။
ကမ်းခြေစောင့်တပ်ဖွဲ့က သူတို့ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြပါတယ်။
ဧပြီလ ၁၆ ရက် အင်္ဂါနေ့ကလည်း မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၆ ဦး တက္ကနာမြို့ကို ထွက်ပြေးခိုလှုံလာကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ ပြောခွင့်ရသူ Shariful Islam ကို ကိုးကားပြီး RFA ရဲ့ ညီနောင်သတင်းဌာနဖြစ်တဲ့ Benar သတင်းဌာနက ရေးသားဖော်ပြပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေပြင်းထန်လာတဲ့ ဖေဖော်ဝါရီလ ၂ ရက်ကနေ ဧပြီလ ၁၉ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံလာတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၇၄ ဦးရှိကြောင်း ဒါကာမြို့အခြေစိုက် BSS သတင်းမှာ ဖော်ပြထားပါတယ်။