မြန်မာစစ်အစိုးရကို လေယာဉ်ရောင်းတဲ့ ကုမ္ပဏီ ကနေဒါ တရားရုံး အရေးယူ
2011.12.07

Photo: RFA
ကနေဒါနိုင်ငံ အယ်လ်ဘားတား ပြည်နယ် ကယ်လ်ဂါရီ (Calgary) မြို့ အခြေစိုက် Kenn Borek Air လီမိတက်ဟာ ၂၀၀၇ ခုနှစ် အတွင်း လေယာဉ် တစ်စင်းနဲ့ အပိုပစ္စည်းတွေကို တရားဝင် တင်ပို့ခွင့် အထောက်အထား မရှိဘဲ မြန်မာနိုင်ငံကို တင်ပို့ ရောင်းချခဲ့ပါတယ်။ ဒီအတွက် အကောက်ခွန် ဥပဒေ၊ သွင်းကုန် ထုတ်ကုန် ဥပဒေတွေနဲ့ ၂၀၁၀ ပြည့်မှာ စတင် တရားစွဲဆို ခံခဲ့ရပါတယ်။ အယ်လ်ဘားတား ပြည်နယ်ရဲ့ မြို့တော် အတ်မွန်တန် (Edmonton) မြို့တရားရုံးမှာ ကုမ္ပဏီဘက်က အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုတဲ့ အတွက် ဒဏ်ငွေ ချမှတ်လိုက်တာပါ။
အခုလို စီးပွားရေး ပိတ်ဆို့ခံထားရတဲ့ မြန်မာနိုင်ငံနဲ့ ဆက်သွယ်ခဲ့တဲ့ ကုမ္ပဏီ တစ်ခုကို ပထမဆုံး အရေးယူ အပြစ်ပေးလိုက်တဲ့ ကနေဒါ အစိုးရရဲ့ လုပ်ရပ်ကို ထောက်ခံ ကြိုဆိုကြောင်း ကနေဒါ အခြေစိုက် CFOB ခေါ် မြန်မာမိတ်ဆွေ ကနေဒါ နိုင်ငံသားများ အသင်းရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးတင်မောင်ထူးက ပြောပါတယ်။
မြန်မာနိုင်ငံဟာ ကနေဒါနိုင်ငံရဲ့ ပို့ကုန်သွင်းကုန် ကန့်သတ် ထိန်းချုပ်ရေး ဆိုင်ရာ စာရင်းဝင်နိုင်ငံ အဖြစ် ၁၉၉၇ ခုနှစ်မှာ သတ်မှတ်ခံခဲ့ရ ပါတယ်။ အဲဒီ စာရင်းဝင် နိုင်ငံတွေကို ကုန်ပစ္စည်းနဲ့ နည်းပညာ တင်ပို့ရောင်းချမှာ မှန်သမျှ အတွက် ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ကနေဒါ နိုင်ငံတကာ ကုန်သွယ်ရေး ဌာနတို့ရဲ့ ခွင့်ပြုချက် ရယူဖို့ လိုပါတယ်။
ဒါပေမယ့် Kenn Borek Air လေယာဉ် ကုမ္ပဏီဟာ အဲဒီဌာနတွေက ခွင့်ပြုချက် မယူဘဲ ၁၉ ယောက်စီး DHC-6 Twin Otter အမျိုးအစား လေယာဉ် တစ်စင်းနဲ့ လေယာဉ်ဆက်စပ် အပိုပစ္စည်းတွေကို မြန်မာနိုင်ငံကို တရားမဝင် တင်ပို့ခဲ့ပါတယ်။