ဘုတလင်မှာ စစ်ကြောင်းဝင်လာစဉ် ဒေသခံတစ်ဦး သတ်ဖြတ်ခံရပြီး လေးဦးဖမ်းဆီးခံထားရ

RFA Burmese
2024.06.03
ဘုတလင်မှာ စစ်ကြောင်းဝင်လာစဉ် ဒေသခံတစ်ဦး သတ်ဖြတ်ခံရပြီး လေးဦးဖမ်းဆီးခံထားရ စစ်ကိုင်းတိုင်း ဘုတလင်မြို့ အဝင်တစ်နေရာကို တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စီပါရွာကို မေလ ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံအမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့သလို စစ်ကြောင်းက ဖမ်းခေါ်သွားတဲ့ အရပ်သားလေးဦးလည်း ဇွန်လ ၃ ရက် ဒီနေ့အထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်မြို့ပေါ်ကနေ အင်အား လေးဆယ်နီးပါးနဲ့ ထွက်လာတဲ့စစ်ကြောင်းက စီပါရွာကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အသက် ၃၈ နှစ်အရွယ် ကိုအောင်နိုင်ဝင်းကို ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် ရွာထဲကပြန်ထွက်ချိန် အရပ်သားကိုးဦးကို ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီးနောက် စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားချိန်မှာ ဒေသသခံငါးဦးက ပြန်လည်ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ စီပါရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ ရွာထဲကပြန်ထွက်တော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ငါးဦးက ပြန်လွတ်လာတာ။ ကျန်တဲ့လေးဦးကတော့ ဘုတလင်မြို့ပေါ်အထိ သူတို့ခေါ်သွားတယ်။ သူတို့က ဘုတလင်ရဲစခန်းမှာ အထိုင်ချတယ်။ ရဲစခန်းနဲ့ ထွေအုပ်ရုံးက ကပ်လျက်ဆိုတော့ ဖမ်းဆီးလာတဲ့သူတွေကို ရဲစခန်းဖြစ်ဖြစ် ဒါမှမဟုတ် ထွေအုပ်ရုံးမှာ သူတို့ဖမ်းချုပ်ထားလေ့ရှိတယ်”

ဖမ်းဆီးခံရသူတွေကတော့ အသက် ၃၇ နှစ်နဲ့ ၅၅ နှစ်ကြားအရွယ် စီပါရွာသား အမျိုသားလေးဦးလို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၃၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ငါးထောင်ကျော် (၅၁၇၃ ဦး) သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။