ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ထပ်ဖြစ်လာနိုင်ကြောင်း Burma Campaign-UK ပြော
2017.08.21

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ နောက်ထပ်ဖြစ်လာနိုင်တယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign-UK အဖွဲ့က ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်က အခြေအနေတွေ တင်းမာလာနေတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်း အဝေး ခေါ်ယူဖို့အတွက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ကို သွားရောက်တွေ့ဆုံပြီး တိုက်တွန်းခဲ့တယ်လို့ Burma Campaign-UK အဖွဲ့က ဒီကနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်တာပါ။
ရခိုင်ပြည်နယ်က လူသတ်မှုသတင်း၊ အကြမ်းဖက်စခန်းတွေ တွေ့ရတဲ့သတင်းတွေကို မြန်မာအစိုးရရဲ့ လူမှုကွန်ရက်စာမျက်နှာတွေ၊ အစိုးရထုတ် သတင်းစာတွေမှာ ဝေဝေဆာဆာ ဖော်ပြနေသလို၊ အကြမ်းဖက်စခန်းမှာ ကုလသမဂ္ဂအေဂျင်စီ တံဆိပ်ပါတဲ့ ဘီစကစ်ထုတ်တွေ တွေ့ရကြောင်း ဖော်ပြတာဟာ အကြမ်းဖက်သမားတွေကို ကုလသမဂ္ဂက အကူအညီ ပေးနေသယောင် ကောလာဟလသတင်းတွေကို ပိုပြီး မီးထိုးပေးသလို ဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အလားတူပဲ ဒေသခံ နိုင်ငံရေးသမားတွေ၊ အမျိုးသားရေးသမားတွေကလည်း လူအများ စိုးရိမ်စိတ်တွေ ပိုများလာအောင် လုပ်ဆောင်နေကြကြောင်း၊ အစိုးရတပ်မတော်ကလည်း ရခိုင်ပြည်နယ်ကို စစ်တပ်တွေ တိုးမြင့်ပို့ဆောင်နေကြောင်း၊ ရခိုင်ပြည်နယ်မှာ အခြေအနေ တင်းမာနေတာတွေကို လျှော့မချနိုင်ဘူးဆိုရင် နောက်ထပ်ကြီးမားတဲ့ အကြမ်းဖက် မှုတွေ ဖြစ်ပွားလာနိုင်တဲ့အကြောင်း Burma Campaign-UK အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။