Burma Campaign UK အမည်ပျက်စာရင်း ထုတ်ပြန်
2018.12.11
ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က မြန်မာစစ်တပ်နဲ့ စစ်တပ်လုပ် ငန်းတွေနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာလုပ်ငန်းတွေကို “Dirty List” အမည်နဲ့ နာမည်ပျက်စာရင်းတခုကို ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီကုမ္ပဏီတွေဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားတယ်။
မြန်မာ့တပ်မတော်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုတွေမှာ နိုင်ငံတကာသိ လုပ်ဆောင်နေတာတွေရှိတဲ့အတွက် အမေရိကန်၊ အီးယူအပါအဝင် လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အရေးယူဒဏ်ခတ်ပိတ်ဆို့တာတွေလုပ်နေပါတယ်။
ဒါကြောင့် မြန်မာ့တပ်မတော်နဲ့ အကျိုးတူပူးပေါင်းပါဝင်ပတ်သက်နေတဲ့ နိုင်ငံတကာက စီးပွားရေး ကုမ္ပဏီကြီးတွေ ကိုလည်း အခုလိုနာမည်ပျက်စာရင်း သွင်းလိုက်တာဖြစ်ပါတယ်။
အဲဒီထဲမှာ တရုတ်၊ ယူကေ၊ ပြင်သစ်၊ နော်ဝေ၊ ဂျပန်၊ ယူကရိန်း၊ အမေရိကန်၊ ထိုင်းနဲ့ ဗီယက်နမ် စတဲ့ နိုင်ငံတွေမှာ အခြေစိုက်ကြတဲ့ နိုင်ငံတကာက ကုမ္ပဏီစုစုပေါင်း ၄၉ ခုပါဝင်နေပါတယ်။ Western Union , Mytel , Tata, Toshiba နဲ့ Facebook အစရှိသဖြင့် ကုမ္ပဏီတွေဖြစ်တယ်လို့ အဲဒီစာရင်းထဲမှာပါဝင်နေပါတယ်။
မြန်မာ့တပ်မတော်က ဖက်စပ်ပါဝင်နေတဲ့ ဗီယက်နမ်နိုင်ငံက Mytel ကုမ္ပဏီကို နည်းပညာပိုင်းဆိုင်ရာ အကူ အညီပေးနေတဲ့ ဘယ်ဂျီယံနိုင်ငံအခြေစိုက် Newtec ကုမ္ပဏီကိုလည်း အဲဒီစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
Mytel ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးကတော့ အခုလို ထုတ်ပြန်ချက်ကို မသိရသေးတဲ့အတွက် မှတ်ချက်ပေးမပြောလိုဘူးလို့ ပြောပါတယ်။
‘’လောလောဆယ်တော့ မပေးလိုသေးပါဘူးခင်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ အမှန်အတိုင်းပြောရင် ကျနော် မသိရသေးလို့ပါ၊ အဲဒီကနေထွက်တဲ့စာရင်းနော်၊ ကြည့်လိုက်ပါမယ် Mytel ပါ ပါတယ်ဆိုတော့ အကြမ်းဖျဉ်းတော့ ဗျာ ဟိုတလောတုန်းက ကျနော်တို့ကို အရိပ်အယောင်တော့ကြားနေရတယ်၊ ဘယ်တော့လဲဆိုတာ မှန်းမထားဘူး အဲတော့ ကျနော်ပြန်ကြည့်ပါ့မယ်၊ ဟုတ်ကဲ့ပါခင်ဗျ’’
ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ မြန်မာ့တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တာတွေကြောင့် ထောက်ပံ့ကူညီပေးနေတာကိုလည်း အားပေးအားမြှောက်ပြုတယ်ဆိုတဲ့ ယူဆချက်တွေနဲ့ အခုလိုလုပ်တာဖြစ် ပါတယ်။
အရင်စစ်အစိုးရလက်ထက်က နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လုပ်ကိုင်ကြတဲ့ ကုမ္ပဏီကြီးတွေကို နိုင်ငံတကာက ဆန့်ကျင်ခဲ့ကြလို့ အောင်မြင်ခဲ့တဲ့ သာဓကတွေရှိခဲ့တယ်လို့ Equality Myanmar က ဦးအောင်မျိုးမင်း ကလည်း သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။
‘’အရင်တုန်းကလည်း ကျနော်တို့တိုင်းပြည်မှာ ဒီစီးပွားရေးပိတ်ဆို့မှု လုပ်ဆောင်ဖို့အတွက် တောင်းဆိုတာရှိသလို မြန်မာပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံနေတဲ့ ပက်စီတို့ ယူနိုကယ်တို့ စတဲ့ ကုမ္ပဏီတွေကိုလည်း အဲလိုပဲ အမည်ပျက်စာရင်းသွင်းပြီးတော့ စားသုံးသူတွေက ဆန့်ကျင်ခဲ့တာရှိခဲ့တယ် အဲဒါကြောင့်မို့ ကုလသမဂ္ဂတင် မကဘဲနဲ့ လူတွေအားလုံးက ဒါမျိုးလုပ်ဆောင်နေတဲ့ အမည်ပျက်တယ်ဆိုတဲ့ ကုမ္ပဏီတွေကို ပူးပေါင်းဆက်သွယ်မှု မလုပ်နိုင်သော သူတို့နဲ့ဆက်ဆံခြင်း မရှိဘူးဆိုတာတွေ လုပ်နိုင်ခြေရှိလာနိုင်ပါတယ်’’
ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးအခင်းတွေကြောင့် နိုင်ငံတကာရဲ့ဖိအားတွေက တမျိုးပြီးတမျိုး ပေးလာတဲ့အနေ အထားတွေဖြစ်တယ်လို့ ISP ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဦးအောင်သူငြိမ်းက မှတ်ချက်ပြုပြောပါတယ်။
‘’များသောအားဖြင့် နိုင်ငံတကာဖိအားတွေ ပိုကြီးလာရင် သူတို့စဉ်းစားတာတွေရှိလာပါတယ်၊ လျှော့ပေ့ါမတွက် ဖို့က နိုင်ငံတကာက အောက်ခြေကနေစပြီး ဖိအားပေးတဲ့ပုံစံမျိုးတွေလည်း ရှိတတ်တာပေ့ါနော်၊ သေချာတာ ကတော့ ရိုဟင်ဂျာကိစ္စပေါ့ဗျာ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဖိအားတွေက များလာတဲ့ သဘောရှိပါတယ်၊ ကျနော်မြင်တာတော့ ကမ်ပိန်းလုပ်တိုင်းလည်း အကုန်အောင်မြင်မှတော့အောင်မြင်မယ် ဒါပေမဲ့ ဒီကမ်ပိန်းတွေကို လျစ်လျူရှုနေလို့တော့မရဘူးပေါ့၊ ကျနော်တို့အစိုးရကနေ ဒီလိုဖိအားတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာရှိတယ်ပေါ့၊ နိုင်ငံတကာနဲ့ ဘယ်လောက်ပူးပေါင်းဆောင်ရွက်မလဲဆိုတာရှိပါတယ်၊ Burma Campaign UK ကတော့ အရင်ကတည်းက လုပ်လာတဲ့လှုပ်ရှားတဲ့အဖွဲ့အစည်းပေ့ါ သူတို့ရဲ့လှုပ်ရှားမှုက ဘယ်အထိရောက်မယ် မရောက်ဘူးဆိုတော့ မသိဘူးပေါ့’’
စီးပွားရေးလုပ်ငန်းနဲ့ လူ့အခွင့်အရေးဆိုတဲ့ ဖိုရမ်ကို မကြာသေးခင်ရက်ပိုင်းက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကုလသမဂ္ဂကဦးဆောင်ကျင်းပခဲ့ရာမှာ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုတာ သီးခြားစီခွဲမထားတော့ဘဲ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း လူ့အခွင့်အရေးမချိုးဖောက်ဖို့ လူ့အခွင့်အရေးချိုးဖောက်တဲ့ အစိုးရ (ဒါမှမဟုတ်) တာဝန်ရှိအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆက်သွယ်မှုမလုပ်သင့်ဘူးဆိုတာကို ဆွေးနွေးခဲ့တာကို လက်ခံခဲ့ကြပါတယ်။
စီးပွားရေးသမားတွေကလည်း လူ့အခွင့်အရေးမချိုးဖောက်ရဆိုတဲ့ ကျင့်ဝတ်ရှိဖို့၊ ချိုးဖောက်သူတွေကိုလည်း နောင်ထပ်မဖြစ်အောင် ကာကွယ်ပေးကြဖို့တာဝန်ရှိတယ် ဆိုတဲ့ယူဆချက်ကို ဆွေးနွေးအတည်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
အဖွဲ့အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတဲ့ အစိုးရအဖွဲ့အစည်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေတင်မက စီးပွားရေးကုမ္ပဏီတွေဘက်ကလည်း အားပေးကူညီတာမျိုး၊ ပါဝင်ပတ်သက်တာမျိုးတွေကို လုပ်ဆောင်ကြဖို့ Burma Campaign UK တိုက်တွန်းတဲ့အနေနဲ့ အခုလိုထုတ်ပြန်ကြေညာတာလို့ သုံးသပ်ကြပါတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။