ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ရန်ပုံငွေ ဦးစားပေးဖို့ Burma Campaign UK တိုက်တွန်း
2023.02.18

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို စားနပ်ရိက္ခာထောက်ပံ့မှု လျှော့ချခြင်းအားဖြင့် သူတို့အတွက် ဆိုးရွားတဲ့အကျိုးဆက်တွေရှိလာနိုင်တာကြောင့် နိုင်ငံတကာအနေနဲ့ အကူအညီလိုအပ်နေတဲ့ ဒီရိုဟင်ဂျာဒုက္ခသည်တွေအတွက် ရန်ပုံငွေဦးစားပေးဆောင်ရွက်ဖို့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Burma Campaign UK က ဖေဖော်ဝါရီ ၁၈ ရက် နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazzar မြို့က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လာမယ့် မတ်လ ၁ ရက်နေ့ကစပြီး စားနပ်ရိက္ခာခွဲတမ်း ၁၇ ရာခိုင်နှုန်း လျှော့ချသွားမယ်လို့ ဒီသီတင်းပတ်အတွင်း ကြေညာခဲ့ပါတယ်။
အရင်က တစ်ဦးကို အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာ ထောက်ပံ့ရာကနေ အခု ၁၀ ဒေါ်လာပဲ ထောက်ပံ့တော့မှာဖြစ်ပါတယ်။ နိုင်ငံတကာက ရန်ပုံငွေ သိသိသာသာကျဆင်းသွားတာကြောင့် အခုလို လျှော့ချရတာဖြစ်ပြီး အလှူရှင်တွေက နောက်ထပ် ဒေါ်လာ ၁၂၅ သန်း အရေးပေါ် မထောက်ပံရင် လာမယ့် ဧပြီလမှာ နောက်ထပ်ဖြတ်တောက်တာတွေ ဖြစ်နိုင်တယ်လို့ WFP က ဆိုပါတယ်။
အကူအညီတွေ လျှော့ချတာဟာ ရိုဟင်ဂျာတွေ အထူးသဖြင့် အမျိုးသမီးတွေ နဲ့ မိန်းကလေးငယ်တွေ လူကုန်ကူးခံရနိုင်တဲ့ အခြေအနေကို ရောက်ရှိစေနိုင်တယ်လို့ Burma Campaign UK က ထောက်ပြပါတယ်။