၂၀၁၂ ခုနှစ် အရှေ့တောင် အာရှမှာ မြန်မာနိုင်ငံ ငွေအဖောင်းပွဆုံးဖြစ်မည်

အရှေ့တောင် အာရှဒေသအတွင်း ရှေ့နှစ် ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံက ငွေဖောင်းပွမှု အများဆုံး နိုင်ငံ ဖြစ်လာမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဧပြီ ၆ ရက် ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။

2011.04.08
border_trader_money_305_z.jpg ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီဈေးထဲတွင် မြန်မာကျပ်ငွေများကို ရေတွက်နေသည့် ကုန်သည်တဦ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အာရှဖွံ့ဖြိုးရေးဘဏ် ADB ရဲ့ ၂၀၁၀၊ ၂၀၁၁ နဲ့ ၂၀၁၂ သုံးနှစ်တာ အခြေပြဇယားမှာ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့ရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှု (GDP) နဲ့ ငွေဖောင်းပွနှုန်းတွေကို ဂရပ်မျဉ်းနဲ့ နှိုင်းယှဉ် ဖော်ပြထားပါတယ်။ ၂၀၁၂ ခုနှစ်အထိ သုံးနှစ်တာ ပြည်တွင်း အသားတင်ထုတ်လုပ်မှုမှာ မြန်မာနိုင်ငံက ၅.၅ ရာခိုင်နှုန်း နဲ့ အနိမ့်ဆုံးနေရာမှာ ရှိပါတယ်။ ငွေဖောင်းပွမှုနှုန်းမှာတော့ ၂၀၁၁ ခုနှစ်မှာ ဗီယက်နမ်က ၁၃.၃ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံး၊ မြန်မာက ၈ ရာခိုင်နှုန်းနဲ့ ဒုတိယအမြင့်ဆုံး ဖြစ်ပြီး၊ ၂၀၁၂ ခုနှစ်မှာ ဗီယက်နမ်ရဲ့ ငွေဖောင်းပွနှုန်းက ၆.၈ အထိ ကျဆင်းသွားပြီး မြန်မာကတော့ ၈ ရာခိုင်နှုန်းနဲ့ပဲ အမြင့်ဆုံးအဖြစ် ကျန်ရစ်ခဲ့လိမ့်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားပါတယ်။

၂၀၁၁ ခုနှစ် အစောပိုင်းက ပြည်တွင်းဆန်ဈေး မြင့်တက်ခဲ့တဲ့အတွက် မြန်မာအာဏာပိုင်တွေက ဆန်ပြည်ပ တင်ပို့မှုကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမဲ့ တရားမဝင် မှောင်ခိုဆန်တွေ ပြည်ပကို ထွက်ရှိခဲ့တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ဆိုပါတယ်။

အရှေ့အလယ်ပိုင်းဒေသနဲ့ မြောက်အာဖရိက တိုင်းပြည်တွေက နိုင်ငံရေး မငြိမ်သက်မှုတွေ၊ ဂျပန်နိုင်ငံရဲ့ ငလျင်နဲ့ ဆူနာမီဘေးတွေကြောင့် ဖွံ့ဖြိုးဆဲ အာရှနိုင်ငံတွေမှာလည်း စီးပွားရေး ထိခိုက်မှုတွေ ခံစားရပါတယ်။ လောင်းစာဆီ ဈေးနှုန်း မြင့်တက်လာတဲ့ အကျိုးဆက်အဖြစ် စားသောက်ကုန် ဈေးနှုန်းတွေ ကြီးမြင့်လာတဲ့အတွက် ဖွံ့ဖြိုးဆဲ အာရှနိုင်ငံတွေမှာ ဆင်းရဲသားလူဦးရေ ၇ ရာနှုန်းကျော် မြင့်တက်လာပြီး စုစုပေါင်း ဆင်းရဲသူ ၆၄ သန်းလောက် ဖြစ်လာဖွယ် ရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ခန့်မှန်း ပြောဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။