ရေဘေးသင့်ပြည်သူတွေအတွက် ထိုင်းရောက် မြန်မာများ ကူုညီ
2015.08.09

မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူတွေကို ကူညီနိုင်ဖို့အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဝပ်ဆိုင်းမွန် မြန်မာဘုန်းတော် ကြီးကျောင်းက ပရဟိတလူငယ်တွေ ဦးဆောင်အလှူခံနေရာမှာ လောလောဆယ် ရရှိထားတဲ့ အဝတ်အစားအိတ် ၁၀၀ ကျော်နဲ့ ထိုင်းဘတ်ငွေ တစ်သိန်းခွဲကျော် အပြင် အစားအသောက်ဆေးဝါးတွေကို မကြာခင် ပို့ဆောင်ပေးတော့ မယ်လို့ သိရပါတယ်။
အကူအညီလိုအပ်နေတဲ့ မန္တလေး၊ စစ်ကိုင်းတိုင်းတွေနဲ့ ရခိုင်ပြည်နယ်က ရေဘေး ဒုက္ခသည်တွေကို မြန်မာကောင်စစ် ဝန်ရုံးအကူအညီနဲ့ အလှူခံပစ္စည်းမျိုးစုံကို ပို့ ပေးတော့မယ်လို့ ပရဟိတလူငယ်အဖွဲ့မှာ ဦးဆောင်ပါဝင်တဲ့ ဒေါ်မီးမီး က RFA ကို ပြောပါတယ်။
"မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရေဘေးဒုက္ခသည်တွေအတွက် ချင်းမိုင်မှာရောက်နေတဲ့ ထိုင်းနိုင်ငံရောက်နေ တဲ့ မြန်မာလူမျိုးကိုယ်စားဆိုပြီးတော့ ဝပ်ဆိုင်းမွန်းမှာ စုစည်းရာ အလှူခံဌာနကို ဖွင့်ထားပါတယ်ရှင့်၊ ကျမ တို့ လောလောဆယ်တော့ မားမားဖာတို့ ဆေးပုံးတို့ အထည်တို့ အထည်ကတော့ အခုဆိုရင် ကျမတို့ အိတ်ပေါင်း တစ်ရာ ကျော်နေပြီပေါ့ နော် ပိုက်ဆံကတော့ ကျမတို့ ငွေသားကတော့ တစ်သိန်းခွဲလောက် တော့ ရတယ်ရှင့် ဒီနေ့ထိပေါ့နော် ကျမတို့ ကောင်စစ် ဝန်ရုံးကို အကူအညီတောင်း ပြီးတော့ နယ်စပ်ထိ ကားနဲ့ လိုက်ပို့ခိုင်းပြီး အခုလောလောဆယ်တော့ မန္တလေး စစ်ကိုင်းတိုင်းနဲ့ မကွေးဘက်ပေါ့နော် သွားဖို့ ဒုက္ခရောက်နေတဲ့ ဘယ်နေရာမှာမဆို ပေါ့နော် ကူညီဖို့ နောက်ပြီး ရခိုင်ပြည်နယ်ပေါ့နော် ကျမတို့သွားမှာ နှစ်နေရာ ခွဲထားပါတယ်ရှင့်"
မြန်မာနိုင်ငံက ရေဘေးဒုက္ခသည်တွေအတွက်ကူညီလှူဒါန်းနိုင်ဖို့ကိုတော့ ဝပ်ဆိုင်းမွန် မြန်မာဘုန်းတော်ကြီးကျောင်းက ပရဟိတလူငယ်အဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံ မြောက်ပိုင်းက ချင်းမိုင်မြို့အပါအဝင် ချင်းရိုင်း၊ လန်းပန်း၊လန်းဖွန်နဲ့ ဖယောင်းမြို့တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အပါအဝင် ထိုင်းနိုင်ငံ သားတွေဆီမှာ အလှူခံခဲ့ကြတာဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာပြည်ဖွား ဂေါ်ရ်ခါးလူငယ်အစည်း အရုံးက လည်း မြန်မာနိုင်ငံ က ရေဘေးသင့် ပြည်သူတွေအတွက် အဝတ်အထည်မျိုးစုံနဲ့ အစားအသောက်တွေကို ဒီနေ့ သွားရောက်လှူဒါန်းတယ်လို့ ဥက္ကဌ ဦးရာဂျန်း က RFA ကို ပြောပါတယ်။
"ဒီနေ့ ကျနော်တို့ စထွက်ပြီပေါ့နော် တစ်စီးကတော့ မန္တလေးရောက်သွားပြီ အခု လေးစီးက မနက်ဖြန် ကျနော်တို့ မဲဆောက်ကနေ ရန်ကုန်သွားမယ်၊ ကျနော် တို့က ရခိုင်ပြည်နယ် ဧရာဝတီတိုင်း နောက် စစ်ကိုင်းတိုင်းရယ် မကွေးတိုင်း လေးနေရာ ပေါ့ဗျာ။ ငွေသားကတော့ မြန်မာ ငွေနဲ့ တွက်မယ်ဆိုရင် သိန်း နှစ်ရာကျော်ကျော်လေး ရှိတယ်ပေါ့ နောက် အဝတ်အစားကတော့ လေးစီးစာလောက်ကတော့မဲဆောက်မှာ ရောက်နေတယ် ဖိုးဝီးကားအပြည့်တစ်စီးတော့ မန္တလေး ရောက်သွားပြီး အိတ်ပေါင်း ၂၈ အိတ်ပေါ့"
ချင်းမိုင်မြို့မှာရှိတဲ့ မြန်မာပြည်ဖွား ဂေါ်ရ်ခါး လူငယ်အစည်းအရုံးအဖွဲ့ဟာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကိုလည်း ကျပ်ဆယ်သိန်း လှူဒါန်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။