နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ တန့်ဆည်မြို့နယ်မှာ ကျေးရွာ ၁၆ ရွာ မီးရှို့ခံရ

2022.12.21
နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ တန့်ဆည်မြို့နယ်မှာ ကျေးရွာ ၁၆ ရွာ မီးရှို့ခံရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့က မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပေချောင်ရွာမှ နေအိမ်အချို့ကို တွေ့ရစဉ်။
TCRF (PLA)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၄ ရက်ကနေ ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ နယ်မြေရှင်းလင်းရေးလုပ်နေပြီး ဒီအတောအတွင်း ကျေးရွာ ၁၆ ရွာ မီးရှို့ဖျက်ဆီးခံလိုက်ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်က ငတန်းရွာ၊ ဒီဇင်ဘာလ ၂၁ ရက်မှာ ရွှေလှန်ရွာနဲ့ တပ်သစ်ရွာတွေ မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အခုရှို့နေတာက အရေအတွက် မသိရသေးဘူး။ ငတန်းရွာနဲ့ ရွှေလှန်ရွာကို ဝင်ရှို့နေတာ ရှိတယ်။ သူတို့ (စစ်ကောင်စီတပ်) က နယ်မြေခံ ပျူစောထီးတွေနဲ့ ပေါင်းပြီး ရှို့နေတာ။ ၁၉ ရက်နေ့အထိ အင်အား ၁၅၀ လောက်ရှိတယ်။ အခုက တစ်ဝက်ခွဲသွားတော့ ၁၀၀ ကျော်ပဲကျန်တယ်"

ဒီမတိုင်ခင်မှာ သာဂရရွာက နေအိမ် ၁၁၇ လုံး၊ ပေချောင်ရွာကနေအိမ် ၉၇ လုံး၊ သာခေါင်ကြီးရွာက ၇၆ လုံး၊ ထန်းကုန်းကြီးရွာက ၇၅ လုံး၊ မူးကျင်းစုရွာက ၇၃ လုံး၊ သာဂလရွာက နေအိမ် ၄၁ လုံး၊ ကမ်းဖြူရွာက နေအိမ် ၄၀၊ ထန်းပင်ကုန်းရွာက အိမ် ၂၉ လုံး၊ ဝက်တိုးရွာက အိမ် ၁၇ လုံး၊ ဂွေးကုန်းရွာက အိမ် ၁၀ လုံး၊ ပုတီးရွာက အိမ်ခြောက်လုံး၊ ရွာရှည် (မ) ရွာက အိမ်ခြောက်လုံးနဲ့ ဖလံချိုင်ရွာက နေအိမ် သုံးလုံး၊ စုစုပေါင်း နေအိမ် ၅၉၀ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ် ။

လက်ရှိ မီးရှို့ခံရတဲ့ ကျေးရွာ ၁၆ ရွာက အနည်းဆုံး အရပ်သားတစ်သောင်းကျော် တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဒီကနေ့ ညနေပိုင်းမှာ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်တပ်အနေနဲ့ မီးရှို့ခဲ့တဲ့ ဖြစ်ရပ်မျိုး မရှိဘူးလို့ ဇူလိုင်လ ၄ ရက်နေ့က RFA ရဲ့မေးမြန်းမှုကို ငြင်းဆိုခဲ့ဖူးပါတယ်။

မီးရှို့ခံရမှု ဖြစ်စဉ်တွေကို စာရင်းပြုစုနေတဲ့ Data for Myanmar အဖွဲ့က စစ်ကိုင်းတိုင်း အတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ယခုနှစ် နိုဝင်ဘာလ (၃၀) ရက်အထိ နေအိမ် ၂၇,၄၉၆ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒီဇင်ဘာလ ၁၀ ရက်က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။