မိုးမိတ်မြို့ကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်လိုက်ပြီး နေအိမ်အချို့ မီးရှို့ခံရ

RFA Burmese
2024.01.29
မိုးမိတ်မြို့ကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်လိုက်ပြီး နေအိမ်အချို့ မီးရှို့ခံရ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံတစ်ခုအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်ခဲ့တဲ့ မိုးမိတ်မြို့ကို ဇန်နဝါရီလ ၂၇ ရက်မှာ စစ်ကောင်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီး လက်ခုတ်တန်းရပ်ကွက်က နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလ ၁၈ ရက်ကစလို့ မိုးမိတ်မြို့မှာရှိတဲ့ ရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်းတွေကို (KIA) နဲ့ (PDF) ပူးပေါင်းအဖွဲ့တွေ စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၅ ရက်အထိ မြို့ကိုထိန်းချုပ်ထားခဲ့တာပါ။

ဒါပေမဲ့ ဇန်နဝါရီလ ၂၅ ရက်ညနေပိုင်းမှာ (KIA) နဲ့ ပူးပေါင်းဖွဲ့တွေ မြို့ကနေ ပြန်လည်ဆုတ်သွားခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေ မြို့ထဲကို ပြန်လည်ဝင်ရောက်ပြီး ထိန်းချုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အမည်မဖော်မလိုတဲ့ ဒေသခံတစ်ဦးကတော့ ဇန်နဝါရီလ ၂၇ ရက်မှာ လက်ခုတ်တန်းရပ်ကွက်က နေအိမ်အလုံး နှစ်ဆယ်ကျော်ကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ RFA ကိုပြောပါတယ်။

"KIA အဖွဲ့တွေက မြို့ထဲကနေတော့ ဆုတ်သွားတယ်ဆိုပေမယ့် အနီးအနားမှာတော့ ရှိသေးတယ်။ စစ်တပ်က အခုမြို့ထဲကို ပြန်ဝင်လာတယ်။ လက်ခုတ်တန်းက အိမ်တွေ မီးရှို့သွားတယ်။ ပြည်သူတွေကို မြို့ထဲ ပေးမဝင်သေးဘူး။ တိုက်ပွဲက ဆက်ဖြစ်မယ့် သဘောရှိသေးတယ်"

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာတော့ အခုလ ၂၇ ရက်မှာ စစ်ကောင်စီတပ်က စစ်ကူ၊ အမြောက်ပစ်ကူတွေနဲ့ တန်ပြန်စစ်ဆင်ရေးဆင်နွှဲပြီး မိုးမိတ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

စစ်ဆင်ရေးအတွင်း တိုက်ပွဲ (၁၆) ကြိမ်ဖြစ်ခဲ့ပြီး (KIA) နဲ့ပူးပေါင်းအဖွဲ့က ဆေးရုံ၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ခဲ့တယ်လို့လည်း စွပ်စွဲဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ (KIA) ပြောခွင့်ရ ဗိုလ်မှူးကြီ းနော်ဘူကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

လက်ရှိ မိုးမိတ်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်ချုပ်ထားပေမယ့် မြို့ခံတွေကိုတော့ ပြန်လာခွင့်မပြုသေးဘူးလို့ ဒေသခံကပြောပါတယ်။

ဇန်နဝါရီလ ၁၈ ရက်ကစတဲ့ မိုးမိတ်မြို့တိုက်ပွဲအတွင်း အသက် (၇၀) အရွယ် ပင်စင်စား ကျောင်းဆရာမကြီးတစ်ဦး အပါအဝင် အရပ်သားလေးဆယ်ကျော် သေဆုံးခဲ့ပြီး အများစုဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မြို့ထဲမှာ စစ်ကောင်စီတပ် သတင်းပေးလို့ နာမည်ကြီးနေသူအချို့ကိုလည်း (KIA) ဘက်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲကြောင့် မိုးမိတ်ဈေးနဲ့ မြို့ပေါ်ရပ်ကွက်အတွင်းက နေအိမ်တွေ မီးလောင်တာအပြင် လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး မြို့ပေါ်လူဦးရေ တစ်သောင်းနီးပါးလည်း ဒီနေ့အထိ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။