ဘုတလင်မြို့ပေါ် ရွာသား တစ်ရာကျော် ထိန်းသိမ်းစစ်ဆေးခံရ
2023.06.02

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မြို့ပေါ်ရွာမှာ ဇွန်လ ၂ ရက် ဒီနေ့မနက်ပိုင်း ၆ နာရီလောက်က ဆွမ်းလောင်းပွဲ ကျင်းပနေစဉ်မှာပဲ အင်အား ၈၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ကျေးရွာသား တစ်ရာကျော်ကို ဘုန်းကြီးကျောင်းထဲမှာ ထိန်းသိမ်း စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ မြို့ပေါ်ရွာကို တောင်၊ မြောက်၊ အနောက်ဘက်ကနေ စစ်ကြောင်းသုံးနဲ့ ဝင်ရောက်ခဲ့တာ ဖြစ်ပြီး ကြောက်လန့်ထွက်ပြေးကြရာကနေ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး ပစ်ခတ်ခံရလို့ ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
“ပစောက်ပုံစံဝင်လာပြီး လမ်းတွေ အကုန်ပိတ်လိုက်တာ။ ရွာထဲက လူတွေအကုန်လုံး အပြင်အထွက်မခံဘူး။ ဘုန်းကြီးကျောင်းသွားခိုင်းတယ်။ မသေချင်ရင် မပြေးနဲ့ ဘုန်းကြီးကျောင်းသွားဆိုပြီး အကုန်ဘုန်းကြီး ကျောင်းထဲ လွှတ်တာဗျ။ ဒါပေမဲ့ ကြားထဲကနေ အရှေ့တည့်တည့်ကို ဖောက်ထွက်ပြေးတဲ့သူတွေတော့ လွတ်တယ်။ သူတို့နဲ့ တွေ့တဲ့သူတွေကိုတော့ သေနတ်နဲ့ လိုက်ပစ်တယ်”
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရုတ်တရက် ဝင်ရောက်ခဲ့တာကြောင့် ပြေးချိန်မရလိုက်ဘဲ လူ ၁၀၀ ကျော် ဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းစစ်ဆေးခံခဲ့ရတာလို့ ဆိုပါတယ်။ အဲဒီအထဲက လူငယ်အများစုကတော့ ရိုက်နှက်စစ်ဆေးတာ ခံခဲ့ရတယ်လို့လည်း နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ရွာမှာ ငွေကျောင်းဘုရားပွဲရှိတယ်လေ။ ဒီနေ့က ငွေကျောင်းဘုရား ပွဲဆွမ်း လောင်းတဲ့ နေ့ဆိုတော့ တိုင်တဲ့သူရှိလို့ လာတာဆိုပြီးတော့ အဲလိုမျိုးပေါ့။ အမှန်က ဒလန်က တိုင်တာပေါ့။ တိုင်တော့ ပြည်သူတော်တော် များတယ်ဗျ။ ပြည်သူ ၁၀၀ လောက်ကို ဘုန်းကြီးကျောင်းထဲ ဓားစာခံလို ဖမ်းဆီးထားတာဗျ။ ငွေကျောင်း ဘုန်းကြီးကျောင်းထဲပဲ ဖမ်းထားတာ။ ၃၅ နှစ်အောက်လူငယ်တွေဆိုရင် အကုန်ရိုက်ခံရတယ်။ ရိုက်ပြီးမေးတာပေါ့။ PDF တွေနဲ့ သိလားဆိုပြီးတော့”
ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာတော့ ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်လိုက်ပေမယ့် အသက် ၂၀ နဲ့ ၃၀ အရွယ်ဝန်းကျင် အမျိုးသားသုံးဦးကိုတော့ ပြန်မလွှတ်ဘဲ ဖမ်းဆီးခေါ် ဆောင်သွားသလို နေအိမ် ငါးလုံး၊ ကားနှစ်စီး၊ ဆိုင်ကယ်ခြောက်စီးကိုလည်း မီးရှို့ဖျက်ဆီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုတလင်မြို့နယ်၊ မြို့ပေါ်ရွာမှာ အိမ်ခြေ ၄၅၀ ခန့်၊ လူဦးရေ တစ်ထောင်ကျော် နေထိုင်ကြပြီး စစ်ကောင်စီတပ်က အခုလို ရွာထဲ ဝင်ရောက် ဖမ်းဆီး၊ မီးရှို့တာ တတိယအကြိမ်မြောက် ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။