နိုင်ငံခြားကုမ္ပဏီ ၁၃ ခု ရေနံနဲ့ ဓါတ်ငွေ့ရှာဖွေခွင့်ရရှိ
2014.03.27

မြန်မာကမ်းလွန်ပင်လယ်မှာ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ရှာဖွေဖို့ ကမ္ဘာကျော် Total, Chevron နဲ့ Shell ကုမ္ပဏီတွေ အပါအဝင် ကုမ္ပဏီ ၁၃ ခုကို လုပ်ပိုင် ခွင့်တွေပြုလိုက်ကြောင်း မြန်မာအစိုးရ စွမ်းအင်ဝန်ကြီး ဌာန က ဗုဒ္ဓဟူးနေ့ မနေ့က ကြေညာလိုက်ပါတယ်။
အဲဒီ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံ အနောက်ပိုင်း နဲ့ တောင်ပိုင်း ဒေသတွေဖြစ်ကြတဲ့ မုတ္တမပင်လယ်ကွေ့၊ တနင်္သာရီနဲ့ ရခိုင်ကမ်းလွန်ရှိ ရေတိမ်နဲ့ရေနက် လုပ်ကွက် ၂ဝ မှာ ရေနံနဲ့သဘာဝ ဓါတ်ငွေ့တွေကို ရှာဖွေမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ လက်ရှိမှာ ရေနံထက်စာရင် ဓါတ်ငွေ့ ကိုအဓိကထားထုတ်လုပ်နေတဲ့နိုင်ငံဖြစ်ပြီး လွန်ခဲ့တဲ့ ၂ဝ၁၂-၁၃ ခုနှစ် ဘဏ္ဏာရေးနှစ်အတွင်း ဓါတ်ငွေ့ တင်ပို့ရောင်းချမှုကနေ ဝင်ငွေအဖြစ် အမေရိကန် ဒေါ်လာ သန်းပေါင်း သုံးထောင့် ခုနှစ်ရာ ရရှိခဲ့ပါတယ်။ မြန်မာပြည်က သဘာဝဓါတ်ငွေ့တွေကို အဓိကဝယ်ယူနေတာကတော့ ထိုင်းနိုင်ငံ ဖြစ်ပါတယ်။