ဘူးသီးတောင်နဲ့ မောင်တောမှာ ညမထွက်ရအမိန့် ၂ လ တိုးမြှင့်
2016.03.30

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်မှာ ည ၁၁ နာရီကနေ မနက် ၄ နာရီအထိ ထုတ်ပြန်ထားတဲ့ ပုဒ်မ- ၁၄၄ ညမထွက်ရအမိန့်ကို နောက်ထပ် သက်တမ်း ၂လ တိုးမြှင့်လိုက်ပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးအမိန့်နဲ့ ရပ်ကွက်အသီးသီးမှာ မနေ့ညက ကြေညာခဲ့တာလို့ ဘူးသီးတောင်မြို့ အမှတ်(၇) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင် က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
နယ်မြေတည်ငြိမ်မှုအပေါ်မူတည်ပြီး မြို့နယ်အားလုံးနီးပါးမှာ ပြန်လည်ရုပ်သိမ်းခဲ့ပေမယ့် ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်နှစ်ခုမှာ ဆက်ရှိနေတာဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ် တစ်ခုလုံးမှာ ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေကို ၄နှစ်နီးပါးအကြာမှာ ပြီးခဲ့တဲ့ မတ်လ ၂၈ရက်နေ့က နိုင်ငံတော်သမ္မတက ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။