ဘူးသီးတောင်မှာ ဒေသခံ ၂၀ ခန့် ဖမ်းဆီးခံရ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်မှာ အောက်တိုဘာ ၂၃ ရက် မနေ့ နေ့လယ်ပိုင်းက စက်လှေပိုင်ရှင်၊ စျေးရောင်း၊ စျေးဝယ်တွေနဲ့ အလုပ်သမားတွေအပါအဝင် ဒေသခံ ၂၀ ခန့်ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်သား ၂၀ ကျော်လောက် မြို့မဈေးရဲ့ လမ်းနှစ်ဖက်စလုံးကို ပိတ်ဆို့ပြီး စစ်ကားပေါ် ဆွဲတင်သွားတာလို့ ဖမ်းဆီးခံလိုက်ရတဲ့ ဦးညီညီစိုးရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“သူက ဈေးဆိုင်တွေကို ဆေးလိပ်လိုက်ပို့တာ။ အဲဒီလို ဆေးလိပ်တွေပို့နေရင်း ဈေးထဲမှာ အဖမ်းခံလိုက်ရတာပါ။ ဈေးကလူတွေပြောတာက စစ်သားတွေက လမ်းနှစ်ဖက်လုံးကို ပိတ်ပြီး ကားပေါ်ဆွဲတင်သွားတာလို့ ပြောတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဘာကြောင့် ဖမ်းတာလဲမသိဘူး။ အားလုံး အယောက်နှစ်ဆယ်လောက် ပါသွားတယ်လို့ သိရတယ်”
ဖမ်းဆီးခံရသူတွေကို ဘူးသီးတောင်မြို့အခြေစိုက် စစ်ဗျူဟာဌာနချုပ်ကို ခေါ်ဆောင်သွား ပြီး အခုအထိ အဆက်အသွယ် မရကြသေးဘူးလို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနေဆဲ ဖြစ်သလို ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျန်အေးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူ့အနေနဲ့ မသိရ သေးကြောင်းနဲ့ သက်ဆိုင်ရာတွေကိုပဲ မေးမြန်းဖို့ ဖြေဆိုခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ မေးမြန်းခဲ့ပေမယ့်လည်း ညနေပိုင်းအထိ ဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ပြင်းထန်တာ သုံးလကျော် ရှိနေပြီး AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ အဖမ်းခံရတာတွေ လည်း များလာနေပါတယ်။
၂ဝ၂၂ ခုနှစ် ဇွန်လကနေ အောက်တိုဘာလ ပထမအပတ်အထိ လေးလအတွင်းမှာ AA နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်ဆီးခံရသူ ၉၀ ကျော်ရှိနေတယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက RFA ကို ပြောဆိုထားပါတယ်။