စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရေး ထောက်ခံမှု ပိုမိုရရှိဖို့ဆော်သြ

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့ရေး နိုင်ငံပေါင်း ၁၃ နိုင်ငံက အပြည့်အဝ ထောက်ခံထားပေမဲ့ နောက်ထပ် နိုင်ငံတွေပါ ဝိုင်းဝန်းပံ့ပိုးဖို့ လိုတယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ လက်ရှိ အခြေအနေမှာဆိုရင် မြန်မာနိုင်ငံက လူ့အခွင့်အရေးဟာ ပိုပြီး ဆိုးရွားလာတယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရ မဇိုရာဖန်းက ဆိုပါတယ်။

2011.01.14
zoya_phan_burma_campaign_305_z.jpg ကရင်အမျိုးသမီး မဇိုယာဖန်းသည် ဗြိတိန်အခြေစိုက် Burma Campaign (UK) တွင် တက်ကြွစွာ လှုပ်ရှားနေပါသည်။ သူသည် လုပ်ကြံခံလိုက်ရသော ကရင်အမျိုးသား အစည်းအရုံး (KNU) အတွင်းရေးမှူး ပဒိုမန်းရှာ၏ သမီးလည်း ဖြစ်သည်။ Photo Courtesy of Burma Campaign (UK)
Photo Courtesy of Burma Campaign (UK)
“နအဖ စစ်အာဏာရှင်တွေ လုပ်နေတဲ့ ရွေးကောက်ပွဲ ပြီးကတည်းကပေါ့နော်၊ အခုထက်ထိ လူ့အခွင့်အရေး ချိုးဖောက်မှုက သူတို့ စစ်တပ်ဖက်က ဆက်ပြီးတော့ လုပ်နေတာ ဖြစ်ပါတယ်။ ခုထက်ထိ တိုးတက်မှု မရှိသေးဘူးပေါ့နော်။”

“ဥပမာဆိုရင် အခု မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ ဖြစ်နေတဲ့ တိုင်းရင်းသား နယ်မြေတွေမှာ ဆိုရင်လည်း တိုင်းရင်းသား လူမျိုးစုတွေကို တိုက်ခိုက်တုန်းပဲပေါ့နော်။ ပြီးတော့ အပစ်အခတ် ရပ်စဲရေး ယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဆီကိုလည်း သူတို့ pressure တွေ ပေးပြီးတော့ နယ်ခြားစောင့်တပ်အဖြစ် သူတို့ pressure ပေးတယ်လေ။ အဲဒါ သူတို့ လုပ်ဖို့ အဲဒါကြောင့် အခုထက်ထိ တိုက်ပွဲတွေ ရှိနေတယ်ပေါ့နော်။”

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားကလည်း လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်ကျူးလွန်မှု၊ စစ်ရာဇဝတ်မှုတွေ မြန်မာနိုင်ငံမှာ ရှိနေတာကို စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး အရေးယူဖို့ အဆိုပြုထားပါတယ်။ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ၁၅ ဦး၊ နိုင်ငံတကာ ကုန်သွယ်ရေး သမဂ္ဂနဲ့ ဥရောပပါလီမန်ကလည်း ဒီအဆိုပြုချက်ကို ထောက်ခံထားပါတယ်။ ဒီထက်မက နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုပြီး ထောက်ခံလာအောင် ဆောင်ရွက်သွားမယ်လို့ မဇိုရာဖန်းက ပြောပါတယ်။

“ဒီနေ့ပဲပေါ့နော်၊ ကျွန်မတို့ Burma Campaign UK က အစီရင်ခံစာ အကျဉ်းချုပ်ပေါ့နော်၊ ကျွန်မတို့ တခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာထဲမှာတော့ အဓိကအားဖြင့် အခု လက်ရှိ လှုပ်ရှားနေတဲ့ UN ကနေတဆင့်ပေါ့နော်၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု ရနိုင်ဖို့အတွက် အဲဒါ အဲဒီအကြောင်း ဖော်ပြတာ ဖြစ်ပါတယ်။ အီးယူတခုလုံး အနေနဲ့တော့ ထောက်ခံမှု မရှိသေးဘူး။ အဲဒါကြောင့် Burma Campaign UK အနေနဲ့ပေါ့နော်၊ ကျွန်မတို့ အီးယူတခုလုံး ထောက်ခံလာဖို့အတွက် ကျွန်မတို့ ဆက်လက်ပြီးတော့ လှုပ်ရှားသွားမှာ ဖြစ်ပါတယ်။”

၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံက ထုတ်ပြန်တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မှာလည်း တရားမဝင် ဖမ်းဆီး ထိန်းသိမ်းထားမှု၊ ပျောက်ဆုံးမှု၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ညှဉ်းပန်းနှိပ်စက်မှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ တာဝန်ယူ စုံစမ်းစစ်ဆေးဖို့ ဖော်ပြထားပါတယ်။

ဒါအပြင် စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်ကျုးလွန်မှုတွေ ဖြစ်နိုင်ခြေရှိတယ်လို့လည်း ရေးသားထားပါတယ်။ ဒီအချက်ဟာ စစ်အစိုးရကိုယ်တိုင် စုံစမ်း မဖော်ထုတ်နိုင်ဘူးဆိုရင် ကုလသမဂ္ဂက ကြားဝင်လိမ့်မယ်ဆိုတာကို သတိပေးလိုက်တာပဲ ဖြစ်တယ်လို့ Burma Campaign UK ရဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။