မြန်မာအတွက် ကနေဒါက ဒေါ်လာ ၄၄ သန်းလှူမယ်
2016.04.07

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအစိုးရကို ထောက်ခံတဲ့အနေနဲ့ ကနေဒါနိုင်ငံက အမေရိကန်ဒေါ်လာ ၄၄ သန်းကူညီမယ် လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Stephane Dion က ပြောပါတယ်။
ဒီကနေ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ကနေဒါနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Dion က ပြောလိုက်တာပါ။
"ကနေဒါနိုင်ငံအနေနဲ့ အပြောချည်းမဟုတ်ဘဲ အလုပ်နဲ့သက်သေပြဖို့ လိုတာဖြစ်ပါတယ်။ မိမိတို့အနေနဲ့ အမေရိကန်ဒေါ်လာ ၄၄ သန်းကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အရေးကြီးတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုတစ်ခု တည်ဆောက်ရေးမှာ လက်တွေ့ကျတဲ့ ကျင့်သုံးမှုတွေဖြစ် လာအောင် ပံ့ပိုးမှာဖြစ်သလို ထိရောက်တဲ့ အစိုးရတစ်ရပ်ဖြစ်လာဖို့နဲ့ မြန်မာနိုင်ငံက စီးပွားရေးနယ်ပယ် မှာ ထက်မြက်တဲ့ အမျိုးသမီးထု ပေါ်လာအောင် ကူညီတဲ့စီမံကိန်းမျိုးတွေမှာ ရင်းနှီးမြှုပ်နှံသွားမှာဖြစ် တယ်" လို့ ပြောသွားတာပါ။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ကနေဒါနိုင်ငံရဲ့ ကူညီမှုကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်းနဲ့ ကနေဒါနိုင်ငံသားတွေကို ကျေးဇူးတင်ရှိကြောင်း ပြောပါတယ်။
ကနေဒါနိုင်ငံက ၂၀၁၁ ခုနှစ်ကစပြီး မြန်မာရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကူညီနေတာဖြစ်တဲ့ အတွက် နိုင်ငံခြားရေးဝန်ကြီးပြောတဲ့ လာမယ့်အကူအညီဟာ အမေရိကန်ဒေါ်လာ ၈ သန်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အကူအညီနဲ့ ပတ်သက် ပြီး ရှင်းပြပါတယ်။
ကနေဒါနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ရှင်သန်ဖို့ လိုအပ်ချက်ဟာ မြန်မာအတွက်သာမက တကမ္ဘာလုံးအတွက် အရေးကြီးပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ တစ်ရက်တည်းနဲ့ တည်ဆောက်လို့မရသလို စိန်ခေါ်မှုတွေ အခက်အခဲတွေအပြည့်နဲ့ ရင်ဆိုင်ရမယ့် ခရီးရှည်ဖြစ်ကြောင်း ကနေဒါနိုင်ငံရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောသွားပါတယ်။
ပူးတွဲ သတင်းစာရှင်းလင်းပဲွဲအပြီးမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ကနေဒါနိုင်ငံခြားရေးဝန်ကြီးကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စအပြင် မြန်မာနိုင်ငံက ကျောင်း သူ ကျောင်းသားတွေကို ကနေဒါနိုင်ငံမှာ Scholarship ပညာသင်ဆုတွေပေးအပ်ဖို့ ဆွေးနွေးရာမှာ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးက လက်ခံလိုက်ပါတယ်။