လူစုလူဝေးဖြစ်စေတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို တိုင်ကြားမှု အမှုဖွင့်လို့မရကြောင်း ရဲစခန်းပြော


2020.08.25
dassk-zabuthiri-622 နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်မှ အဖွဲ့ချုပ် အဖွဲ့ဝင်အချို့ရဲ့ နေအိမ်တွေဆီကို ၂၀၂၀၊ သြဂုတ် ၁၉ ရက်နေ့က သွားရောက်တွေ့ဆုံစဉ်
Photo: Chair NLD

လူစုလူဝေးဖြစ်စေခဲ့တယ်ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူပေးဖို့ တိုင်ကြားချက်ဟာ ရဲအရေးပိုင်တဲ့ ကိစ္စမဟုတ်တဲ့အတွက် အရေးယူဆောင်ရွက်လို့မရကြောင်း ဇဗ္ဗူသီရိမြို့နယ် ရဲစခန်းတာဝန်ရှိသူတွေက တိုင်ကြားသူကို ခေါ်ယူရှင်းပြလိုက်ပါတယ်။

သြဂုတ် ၁၉ ရက်နေ့က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တို့ တွေ့ဆုံခဲ့တာဟာ လူစုလူဝေး ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်ကို ဖောက် ဖျက်ကျူးလွန်တာကြောင့် သက်ဆိုင်ရာက အရေးယူပေးဖို့ဆိုပြီး လယ်ဝေးမြို့မှာ နေထိုင်တဲ့ ဦးထွန်းမြင့်အောင် က ဇဗ္ဗူသီရိမြို့နယ် ရဲစခန်းထံ မနေ့က တိုင်ကြားခဲ့တာပါ။ တိုင်ကြားသူ ဦးထွန်းမြင့်အောင်ကို ဇဗ္ဗူသီရိမြို့နယ် ရဲစခန်း က ရဲမှူး မြင့်နိုင်က ဒီနေ့ သြဂုတ် ၂၅ ရက်နေ့က ခေါ်ယူရှင်းပြခဲ့တာဖြစ်ပါတယ်။

ကပ်ဘေးကာလမှာ လူဦးရေ ၃၀ ဖြစ်စေ၊ ၃၀ အထက်ဖြစ်စေ မစုစည်းရဆိုတဲ့  ဒေသန္တရအမိန့်ကို နိုင်ငံတော်က ထုတ်ပြန်ထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီဝင်တို့ တွေ့ဆုံခဲ့တာဟာ အဲဒီအမိန့်ကို ဖောက်ဖျက်ခဲ့တယ် လို့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

ကပ်ဘေးကာလအတွင်း အမိန့်၊ ညွှန်ကြားချက် မလိုက်နာသူတွေကို ဒေသအသီးသီးမှာ အရေးယူ အပြစ်ပေး နေပေမယ့် ဗိုလ်တထောင်ဘုရားပေါ်မှာ လူစုလူဝေးနဲ့ ဘာသာရေးအခမ်းအနား ကျင်းပခဲ့ကြတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်အချို့ကိုတော့ အရေးယူတာမျိုး မရှိခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒီကာလမှာ အရေးပေါ်အမိန့်တွေ ထုတ်ပြန်ထားချိန် လူစုလူဝေးနဲ့ တရားဟောပွဲ ပြုလုပ်ခဲ့လို့ဆိုပြီး ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လာနဲ့ ဦးဝေထွန်းတို့ နှစ်ဦးဟာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံရပြီး ထောင် သုံးလ ကျခံခဲ့ရပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်တယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ဒဏ်ငွေဖြစ်စေ၊ အများဆုံးထောင်ဒဏ် တစ်နှစ်ဖြစ်စေ ပြစ်ဒဏ် နှစ်ခုလုံးကို ဖြစ်စေချမှတ်ခံရနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။