စစ်တပ်ကဖမ်းသွားသည့် KNU-KNLA တပ်သား ၆ ဦးအသတ်ခံရ

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စစ်အစိုးရတပ်တွေ ဖမ်းဆီးသွားတဲ့ KNU-KNLA ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိထားပြီ ဖြစ်ကြောင်း၊ သူတို့အားလုံးကို စစ်အစိုးရတပ်က သတ်ဖြတ်လိုက်တာ ဖြစ်ကြောင်း KNU-KNLA ငြိမ်းချမ်းရေး ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် တင်မိုသီ က RFA ကို ဒီဇင်ဘာ ၈ ရက် ဒီကနေ့ အတည်ပြု ပြောပါတယ်။

2010.12.08
army_patrol_305_z.jpg တိုင်းရင်းသား ဒေသတခုတွင် တိုက်ကင်းလှည့်နေသော စစ်အစိုးရ တပ်ဖွဲ့တခု ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီတပ်ဖွဲ့ဝင် ၆ ဦးကို နိုဝင်ဘာ ၃၀ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဖလူးကလေးဒေသမှာ စစ်အစိုးရတပ် ခမရ ၂၄၀ က ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

သူ့တို့အားလုံးကို ခမရ ၂၄၀ ရဲ့ ဗျူဟာမှူးအမိန့်နဲ့ သတ်ဖြတ်လိုက်တာဖြစ်ကြောင်း၊ ကရင် ငြိမ်းချမ်းရေးကောင်စီအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို အရေးယူ ဆောင်ရွက်ပေးဖို့ စစ်အစိုးရ အထက်အာဏာပိုင်တွေထံ တင်ပြသွားမယ်လို့လည်း ဗိုလ်မှူးချုပ် တင်မိုသီ က ပြောပါတယ်။

ဗိုလ်ချုပ်ကြီး စောထိန်မောင် ဦးဆောင်တဲ့ KNU-KNLA ငြိမ်းချမ်းရေးကောင်စီဟာ ၂၀၀၇ ခုနှစ်အတွင်း KNU ကရင်အမျိုးသား အစည်းအရုံးကနေ ခွဲထွက်ပြီး စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့တာ ဖြစ်ပါတယ်။ အခုလို KNU-KNLA ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီး သတ်ဖြတ်ခံရမှု အပါအဝင် စစ်အစိုးရနဲ့ ကရင် ငြိမ်းချမ်းရေးကောင်စီကြား ဆက်ဆံရေး နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေး ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် စောတင်မိုသီနဲ့ RFA မှ ဦးကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဗိုလ်မှူးချုပ် တင်မိုသီနှင့် ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်

အလားတူပဲ ကရင်ပြည်နယ်က တခြားဒေသတွေမှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မာနယ်ပလော နယ်မြေအတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၇) လက်အောက်ခံတပ်ဖွဲ့တွေနဲ့ စစ်အစိုးရ တပ်ဖွဲ့ဝင်တွေအကြား အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။

ဒီအကြောင်းအသေးစိတ်ကို RFA သတင်းထောက် ကိုမိုးကျော်က ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

သတင်းပေးပို့ချက်
အသံဖိုင်ယူရန်

တချိန်တည်းမှာလည်း ကရင်ပြည်နယ်က စစ်ရေးအခြေနေတွေနဲ့ ပတ်သက်လို့ KNU ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်ကို RFA မှ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးမန်းငြိမ်းမောင်နှင့် ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။