ယာဉ်ကြောပိတ်ဆို့မှု ပြဿနာဖြေ ရှင်းရေး ရန်ကုန်တိုင်းလွှတ်တော် မှာ ဆွေးနွေး


2014.04.23
car-traffic-305 ရန်ကုန်မြို့ ဗားဂရာမီးပွိုင့်မှာ သွားလာနေသောယာဉ်များ ကို တွေ့ရစဉ်
photo: Zarni Phyo Wai

ရန်ကုန်မြို့တွင်း နေ့စဉ်ယာဉ်ကြောပိတ်ဆို့မှုု ပြဿနာ ကို ဖြေရှင်းဆောင်ရွက်ဖို့အတွက် ဒီကနေ့ ပြန်လည် ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ စတင်ဆွေးနွေးခဲ့ပါတယ်။

ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းဆောင်ရွက်ဖို့အဆို ကို တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ (က) လွှတ်တော်အမတ် ဦးမျိုးမင်းအောင်က ဒီနေ့ တင်သွင်းခဲ့ တာပါ။ သူ့ရဲ့အဆိုနဲ့ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမင်းအောင်က RFA ကို အခုလို ပြောပါတယ်။

"အပေါ်ကနေ ညွှန်ကြားထားတယ်၊ ဒါပေမဲ့ အောက်ခြေမှာ လိုက်နာမှုအားနည်းနေတာပေါ့၊ အထောက်အကူပြုကော်မတီတို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးဌာနတို့ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေဆိုရင် လည်း ရဲစခန်းတွေမှာ ထပ်ပြီးတော့ဖွဲ့ထားပေးတယ်၊ အဲဒီအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ တစ်မြို့နယ်ချင်း စီမံချက်ကလေးပုံစံမျိုးနဲ့ အကောင်အထည်ဖော်လိုက်နိုင်ရင် တော်တော်လေးလျော့ပါးသွားမယ်လို့ တွက်တာပေါ့၊ တချို့တွေဆိုလို့ရှိရင်လည်း လမ်းဆုံလမ်းခွဖြစ်တယ်၊ မီးပွိုင့်မတတ်နိုင်သေးဘူးပေါ့၊ မတတ်နိုင်သေး တဲ့နေရာတွေမှာ ကျနော်တို့ အင်အားဘယ်လိုချပြီး ဖြေရှင်းမလဲ၊ အရေးယူမှုတွေ ဘယ်လိုလုပ်မလဲပေ့ါ၊ စီမံချက်ကလေးဆွဲပြီးလုပ်ဖို့ ဆိုလိုတာ"

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၈မြို့နယ်ရှိရာမှာ မြို့ထဲပိုင်းနဲ့ ဆင်ခြေဖုန်းဘက်တွေမှာ နေ့စဉ်လိုလို ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နေတဲ့အတွက် နေ့စဉ် မြို့တွင်းအလုပ်လုပ်ကိုင်ကြရသူတွေဟာ အလုပ်သွားအလုပ်ပြန် မှာ အချိန်ကုန်ကြရတယ်လို့ ပြောကြပါတယ်။

အဲဒီအဆိုကို လာမယ့် ဧပြီလ ၂၅ ရက်နေ့မှာကျင်းပမယ့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က နောက်ဆုံး ကျင်းပခဲ့ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။