လက်နက်ကိုင်ထားသူတွေ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကာဒီနယ်ချားလ်စ်မောင်ဘို တိုက်တွန်း
2023.12.23

ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်မယ့် ခရစ္စမတ်နေ့ အထိမ်းအမှတ်အဖြစ် ခရစ်ယာန် ဘာသာဝင်တွေနဲ့ မငြိမ်းချမ်းတဲ့ဒေသတွေက ပြည်သူတွေအတွက် မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားလ်စ်မောင်ဘိုက အားပေးစကား မိန့်ကြားခဲ့သလို လက်နက်ကိုင်ထားသူတွေ အနေနဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
“ဘုရားရှင်မွေးဖွားတဲ့ ဒီကာလမှာ စိတ်အားငယ်မှုမရှိဘဲနဲ့ မျှော်လင့်ချက်ကိုပေးတဲ့ ပွဲတော်ပဲဖြစ်တယ်။ ဒါကြောင့် အမှောင်ထုကနေ အလင်းကိုပြန်ရောက်မယ်။ မှောင်မိုက်နေတဲ့ လိုဏ်ဂူက အဆုံးမှာအလင်းရှိတယ်။ ဒီခရစ္စမတ်က ခွန်အား ဖြစ်စေတယ်၊ မျှော်လင့်စေတဲ့အရာ ဖြစ်တဲ့အတွက်ကြောင့်မလို့ မကြာခင် အကျွန်ုပ်တို့ဟာ အခက်အခဲတွေကနေ ကျော်လွှားသွားပြီးတော့ သာယာတဲ့ ရွှေမြန်မာနိုင်ငံ ဖြစ်မယ်ဆိုတာ ယုံကြည်ကြတယ်”
လက်နက်ကိုင်ထားသူတွေ အနေနဲ့လည်း ငြိမ်းချမ်းရေးသာလျှင် တစ်ခုတည်းသော လမ်းစဉ်ဖြစ်တာကြောင့် တိုင်ပင်ဆွေးနွေးကြဖို့ ကာဒီနယ်က တိုက်တွန်းပါတယ်။
“လက်နက်နဲ့ ပြန်လည်ပြီးတော့ လက်နက်ကိုတုံ့ပြန်ခြင်းက ငြိမ်းချမ်းရေးကိုရမှာ မဟုတ်ဘူး။ ကျည်ဆန်နဲ့ တိုက်ခိုက်ခြင်းကလည်း ငြိမ်းချမ်းခြင်းကို ရမှာမဟုတ်ဘူး။ အကြမ်းဖက်ခြင်းက အကြမ်းဖက်ခြင်းကို တုံ့ပြန်မယ်ဆိုရင် ပိုမိုပြီးတော့ အကြမ်းဖက်မှု တွေ ဖြစ်လာမယ်။ အဲဒါကြောင့်မလို့ လက်နက်တွေကိုချပြီးတော့ တန်းတူဆွေးနွေးနိုင်ကြဖို့ ညှိနှိုင်းကြဖို့ သဟဇာတဖြစ်ဖို့က အရေးကြီးဆုံးပဲ ဖြစ်ပါတယ်”
တခြားနိုင်ငံနဲ့မဟုတ်ဘဲ ညီအစ်ကို မောင်နှမ အချင်းချင်း သတ်ဖြတ်နေတာဟာ သိပ်ဆိုးရွား တယ်လို့လည်း ကာဒီနယ်က ဆိုပါတယ်။
ကိုယ့်အတွင်းငြိမ်းချမ်းခြင်း ကမ္ဘာနဲ့ရှိစေသော်သတည်း ဆိုတဲ့ ကောင်းကင်သိကြား တမန်တော်တွေ ဆိုတဲ့ သီချင်းဟာ မြန်မာပြည်မှာ ဖြစ်လာမယ်ဆိုတာ ယုံကြည်တယ်လို့ ကာဒီနယ်က မိန့်ပါတယ်။