ဖယ်ခုံက ဝန်ထမ်း ၃၅ ဦး CDM ထပ်လုပ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြော

2022.10.24
ဖယ်ခုံက ဝန်ထမ်း ၃၅ ဦး CDM ထပ်လုပ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြော ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းမပေါ်မှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြကြစဉ်။
Photo: RFA

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ပညာရေး၊ ကျန်းမာရေး၊ ပြည်ထဲရေး၊ လျှပ်စစ်နဲ့ မီးသတ်ဌာနက ဝန်ထမ်းစုစုပေါင်း ၃၅ ဦး အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်လာတယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီအထဲမှာ ပညာရေးဝန်ထမ်း ၂၆ ဦး ပါဝင်ပြီး ကျန်တာတွေကတော့ ပြည်ထဲရေး၊ ကျန်းမာရေး၊ လျှပ်စစ်နဲ့ မီးသတ်ဌာန ဝန်ထမ်းတွေဖြစ်ပြီး အများစုဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေအတွင်း CDM လုပ်ခဲ့ကြတာလို့ ဆိုပါတယ်။

အခုလို CDM လုပ်လာသူတွေကို သူ့တို့ရဲ့ သက်ဆိုင်ဌာနအလိုက် အကူအညီပေးခဲ့တယ်လို့ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"အာဏာသိမ်းပြီးကတည်းက ကျနော်တို့ CDM ကူညီရေးကော်မတီဆိုပြီး ဖွဲ့ထားတယ်။ ပြီးတော့ အုပ်စုခွဲထားတာပေါ့နော်။ ထွေအုပ်ဆို ထွေအုပ်၊ ပညာရေးဆို ပညာရေးပေါ့။ အဲမှာ အရမ်းခက်ခဲဆုံးက ဘယ်သူဖြစ်မလဲ။ အဲလိုသူတွေကို စာရင်းပြုစုပြီးတော့ ထေက်ပံ့ပေးခဲ့တယ်ပေါ့။ နောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာတော့ စစ်ဘေး ရှောင်ရသူတွေ များလာတော့ တိုက်ပွဲနဲ့ ဒုက္ခသည် ကူညီရေးဘက်တွေကို ဦးစား ပေးခဲ့ရတာရှိတယ်"

ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ ဖယ်ခုံ ပြည်သူ့ ကာကွယ်ရေးတပ်ရင်း (၁၀၀၂)၊ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁၀၀၆) နဲ့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေး (၁၀၀၁) တပ်ဖွဲ့တွေက ဖယ်ခုံမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေ အခုနှစ် ဇွန်လနောက်ဆုံးထားပြီး CDM လုပ်ကြဖို့ တိုက်တွန်းအပြီး အခုလို ပါဝင်လာကြတာလို့ ဆိုပါတယ်။

ဖယ်ခုံမြို့နယ်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှာ ဖွင့်ထားတဲ့ စာသင်ကျောင်းပေါင်း ၈၀ ကျော်ရှိပြီး CDM ပညာရေးဝန်ထမ်းနဲ့ စေတနာရှင် ဆရာ၊ ဆရာမပေါင်း ခုနစ်ရာဝန်းကျင် ရှိပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဖယ်ခုံမြို့နယ်မှာ CDM လုပ်ခဲ့တဲ့ ဝန်ထမ်းပေါင်း တစ်ထောင်ကျော်ရှိခဲ့ပေမယ့် အခက်အခဲအမျိုးမျိုးကြောင့် ပြန်ပြီး Non-CDM လုပ်သွားကြသူတွေလည်း ရှိတယ်လို့ ဖယ်ခုံပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။