အပစ်အခတ်ရပ်စဲရေးမူတစ်ခုကို လိုင်ဇာညီလာခံက အတည်ပြု


2013.11.01
laiza-conference-620.jpg ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၃ဝ ရက်နေ့က စတင်ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညီလာခံကို မြင်ရစဉ်
photo: RFA/ Sai Htun Aung lwin

ကချင်ပြည်နယ် ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာမှာကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကနေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အခန်း ၉ ခန်းပါ မူဘောင်တစ်ခုကို မနေ့က ရေးဆွဲအတည်ပြုနိုင်ခဲ့ပါတယ်။

အဲဒီမူဘောင်တွေဟာ မြန်မာငြိမ်းချမ်းရေးစင်တာ၊ KNU ကရင်အမျိုးသားအစည်းရုံးနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ ပူးပေါင်းရေးဆွဲထားတဲ့ အပစ်ခတ်ရပ်စဲမှုဆိုင်ရာ မူဘောင်တွေနဲ့ သိပ်ပြီးကွာဟမှုမရှိပေမယ့် အဓိကကျတဲ့အချက်တွေကို ညှိနှိုင်းဖို့တော့ လိုနေသေးတယ်လို့ CNF ချင်းအမျိုးသားတပ်ဦးခေါင်းဆောင် ဒေါက်တာ လျှံမှုန်းဆာခေါန်းက ပြောပါတယ်။

"သူတို့က တိုင်းရင်းသားတွေစရေးတဲ့ WGEC က အချက်တွေပေါ်မှာ အခြေတည်ပြီးရေးတာကို အခြေခံပြီးရေးတာဖြစ်တဲ့ အတွက် အနှစ်သာရအားဖြင့် သိပ်မကွာပါဘူးလို့ ပြောချင်ပါတယ်၊ သို့သော် အဓိကအချက်အလက်တွေပေါ်မှာ ညှိနှိုင်းဖို့ လိုပါလိမ့်မယ်"

တိုင်းရင်းသားခေါင်းဆောင်တွေ မနေ့က အတည်ပြုခဲ့တဲ့အချက်တွေထဲမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး ၄ လအတွင်း မြန်မာအစိုးရက နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပပေးရေးဆိုတဲ့ အချက်ပါဝင်ပါတယ်။

ဒါ့အပြင် နိုင်ငံရေး ဦးစီးကော်မတီတစ်ရပ်ဖွဲ့စည်းဖို့လည်း သဘောတူညီခဲ့တယ်လို့ UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အတွင်းရေးမှူး ၁  ဦးခွန်ဥက္ကာက ဆွေးနွေးပွဲအပြီးကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"နိုင်ငံရေးဆွေးနွေးပွဲထက်ကို နိုင်ငံရေးဦးစီးကော်မတီဖွဲ့ဖို့ စဉ်းစားထားချက်ပဲရှိပါတယ်"

ဒါပေမယ့် အဲဒီကော်မတီကို ဘယ်သူတွေနဲ့ ဖွဲ့စည်းမယ်ဆိုတာကတော့ ဆုံးဖြတ်ခဲ့ခြင်း မရှိသေးပါဖူး။

လိုင်ဇာဆွေးနွေးပွဲကို ဒီနေ့ဆက်လက်ကျင်းပမှာဖြစ်ပြီး ရရှိတဲ့အပြီးသတ်ဆုံးဖြတ်ချက်တွေကို လာမယ့်ရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့မှာကျင်းပမယ့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲမှာ တင်ပြမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။