ခွင့်ပြုချက်မရှိတဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုကို အရေးယူမယ်လို့ ဗဟိုဘဏ်ကြေညာ

2022.06.11
ခွင့်ပြုချက်မရှိတဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုကို အရေးယူမယ်လို့ ဗဟိုဘဏ်ကြေညာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ NUG Pay ငွေကြေးဝန်ဆောင်မှု အပလီကေးရှင်းအား တွေ့ရစဉ်
Photo: NUG PAY - Facebook

မြန်မာနိုင်ငံမှာ မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေကို ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်ရင် အရေး ယူသွားမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဇွန်လ ၁၀ ရက် မနေ့က ထုတ်ပြန်ကြေညာပါ တယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မိုဘိုင်းငွေကြေးဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ NUG Pay ကို အခုလ အတွင်းစတင်မယ်လို့ ထုတ်ပြန်ထားတာကြောင့် ဗဟိုဘဏ်က တန်ပြန် ခြိမ်းခြောက်တာလို့မြင်ကြောင်း ရန်ကုန်အခြေစိုက် ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီ တစ်ခုက ပြည်သူ့ဆက်ဆံရေး အရာရှိတစ်ဦးက ပြောပါတယ်။

"Mobile pay ဆိုတာ ဒီမှာ တရုတ်ရဲ့ Wechat pay ရော သုံးနေတာလည်းရှိတယ်။ သူတို့ အရေးယူနိုင်တာ တစ်ခုမှလည်း မရှိခဲ့ပါဘူး။ သူတို့မှာ အရေးယူနိုင်ဖို့ လုံလောက်တဲ့ လုံခြုံရေးတပ်ဖွဲ့လည်း ရှိမနေဘူး။ နောက်ပြီး ဒီထုတ်ပြန်ချက်က NUG က ထုတ်မယ့် NUG pay ကို အသုံးမပြုဖို့ ခြိမ်းခြောက်တာလို့မြင်တယ်"

ဗဟိုဘဏ်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ခွင့်မပြုထားတဲ့ Mobile Pay/Mobile Wallet စတဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေကို ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ- ၁၇၂ အရ အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီပုဒ်မဟာ နှစ်နှစ်ထက် မပိုတဲ့ထောင်ဒဏ်နဲ့ ဒဏ်ငွေ ကျပ်သန်း ၁၀၀ အထိ ချမှတ်နိုင်တဲ့ ပုဒ်မတစ်ခုလည်း ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စမတ်ဖုန်း အပလီကေးရှင်းကနေတစ်ဆင့် အသုံး ပြုသူတွေအချင်းချင်း ငွေပေးချေတာ၊ လွှဲပြောင်းတာအပြင် NUG ကို လှူဒါန်းမှုပါ လုပ်နိုင် မယ့် NUG Pay ကို ငွေကျပ်တစ်သောင်းပေးပြီး အသုံးပြုနိုင်တော့မယ်လို့ ကြေညာထား တာပါ။

NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက NUG Pay ဟာ ငွေသွင်း၊ ငွေထုတ် အလွယ်တကူလုပ်လို့ရနိုင်ပြီး လုံခြုံရေးအရ စိတ်ချရနိုင်တယ်လို့ ပြီးခဲ့တဲ့ မေ ၂၅ ရက်က RFA ကို ပြောဆိုထားပါတယ်။ ဒါပေမဲ့ လက်ရှိမှာ NUG Pay ကို အသုံးပြုနိုင်ပြီလို့ ကြေညာထားတာ မရှိသေးပါဘူး။

ဗဟိုဘဏ်အနေနဲ့ လက်ရှိမှာ မိုဘိုင်းဘဏ်လုပ်ငန်းအတွက် ဘဏ် ၁၈ ခု၊ အင်တာနက် ဘဏ် လုပ်ငန်းအတွက် ဘဏ် ၁၀ ခု၊ မိုဘိုင်းငွေပေးချေမှု Mobile Pay အတွက် ဘဏ် ရှစ်ခု၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းအတွက် အဖွဲ့အစည်း ငါးခုတို့ကို ခွင့်ပြုပေးထားတယ် လို့ ဗဟိုဘဏ်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။