Chevron ကုမ္ပဏီ ရတနာဓာတ်ငွေ့ရှယ်ယာတွေ ထုတ်ရောင်းတော့မည်
2023.02.09

ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှာ ထည့်ဝင်ထားတဲ့ အစုရှယ်ယာတွေကို ကနေဒါ ရေနံကုမ္ပဏီ MTI Energy လက်အောက်ခံ ကုမ္ပဏီတစ်ခုကို ရောင်းချဖို့ သဘောတူလိုက်ပြီလို့ အမေရိကန်အခြေစိုက် ရှက်ဗရွန် (Chevron) ရေနံကုမ္ပဏီက ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြောပါတယ်။
ရှက်ဗရွန်ရဲ့ရှယ်ယာတွေကို MTI Energy က သူ့ရဲ့ ဘာမြူဒါကျွန်းအခြေစိုက် လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Et Martem Holdings လုပ်ငန်းကတစ်ဆင့် ဝယ်ယူတာလို့ မြန်မာစစ်တပ်နဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖော်ထုတ်နေတဲ့ Justice for Myanmar အဖွဲ့က ပြောပါတယ်။
ဗြိတိန်ပိုင် ဘာမြူဒါကျွန်းစုဒေသဟာ နိုင်ငံခြားကုမ္ပဏီတွေ အခွန်ကင်းလွတ်ခွင့် ရရှိတဲ့ဒေသဖြစ်ပြီး လျှို့ဝှက်တဲ့ စီရင်ပိုင်ခွင့်နယ်မြေ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက အကြီးမားဆုံး ရတနာဓာတ်ငွေ့ စီမံကိန်းမှာ ထည့်ဝင်ထားတဲ့ အစုရှယ်ယာ ၄၁.၁ ရာခိုင်နှုန်းကို ရောင်းချဖို့ သဘောတူထားပြီး ဒီသဘောတူညီချက်ပါ အချက်အလက်တွေကို လျှို့ဝှက်ထားတယ်လို့ ရှက်ဗရွန်ကုမ္ပဏီက ပြောတဲ့အကြောင်း Argus စီးပွားရေးသတင်းက ဖေဖော်ဝါရီ ၈ ရက်နေ့က ဖော်ပြပါတယ်။
မြန်မာ့ရေနံနဲ့ဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ ပူးတွဲလုပ်ကိုင်နေတဲ့ ရတနာဓာတ်ငွေ့စီမံကိန်းကနေ ပြင်သစ်တိုတယ်ရေနံကုမ္ပဏီ မနှစ်က နုတ်ထွက်သွားပြီးနောက် ချက်ဗရွန်ကုမ္ပဏီက အခုလို ဆုံးဖြတ်လိုက်တာပါ။ နုတ်ထွက်သွားတဲ့ တိုတယ်ကုမ္ပဏီကတော့ သူ့အစုရှယ်ယာတွေကို ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီကို ရောင်းချခဲ့ပါတယ်။