၀မ္မသူးဆေးရုံ ဗုံးကြဲခံရမှု လေးဦး သေဆုံး၊ ၁၅ ဦး ဒဏ်ရာရ
2024.04.25

Updated 11:16 AM Apr 26, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ၀မ္မသူးဆေးရုံကို ဧပြီလ ၂၅ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆေးရုံမှာရှိတဲ့ လူနာနဲ့ လူနာစောင့်လေးဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
မင်းတပ်မြို့နယ် မိုင်သုံးဆယ်ခန့်ဝေးတဲ့ ၀မ္မသူးရွာက ၀မ္မသူးဆေးရုံကို ဗုံးကြဲမှုနှစ်ကြိမ်ပြုလုပ်ခဲ့ရာမှာ အသက် ၂၀ ကနေ ၃၀ အရွယ်ကြားရှိတဲ့ အမျိုးသားလေးဦး သေဆုံးခဲ့တာလို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုယောမန်က RFA ကိုပြောပါတယ်။
"မနေ့ညက လေကြောင်းနဲ့ နှစ်ကြိမ်လာကြဲတယ်။ ဗုံးက ပေါင် ၁၅၀ ဗုံး ခြောက်လုံးကြဲချတယ်။ ဆေးရုံကတော့ ရစရာမရှိတော့ဘူး။ ဒဏ်ရာရသူ ၁၅ ဦး ရှိတယ်။ သေဆုံးတာ လေးဦးပါ”
ဆေးရုံနေရာအပြင် အနီးတစ်၀ိုက်က ရပ်ရွာတွေထဲကိုလည်း လေကြောင်းတိုက်ခိုက်မှုရှိခဲ့ပြီး အဲဒီဘက်က ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ဧပြီလ ၂ ရက်နေ့ကလည်း မင်းတပ်မြို့နယ် အောက်ချိုင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းအရ ပဋိပက္ခတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ သေဆုံးသူ စုစုပေါင်း ၃၉၇ ဦးနဲ့ ဒဏ်ရာရသူက ၈၈၉ ဦးအထိ ရှိနေပါတယ်။
(မှတ်ချက် - မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုယောမန်၏ ပြောဆိုချက်နှင့် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)