လေးနှစ်အတွင်း ချင်းမှာ ဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သား ၁၇၀ ခန့် သေဆုံး

RFA Burmese
2025.01.04
လေးနှစ်အတွင်း ချင်းမှာ ဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သား ၁၇၀ ခန့် သေဆုံး ချင်းပြည်နယ်၊ မတူပီမြို့ရှိ ဘာသာရေး အဆောက်အအုံတစ်ခု လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။
Facebook/ Chinland Defense Force Matupi - Brigade 1

အာဏာသိမ်း လေးနှစ်အတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၆၆ ဦး သေဆုံးပြီး ၂၄၂ ဦး ဒဏ်ရာရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဇန်နဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အအုံအပါအဝင် အဆောက်အအုံ ၄၁၂ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီအထဲမှာ ဘာသာရေးအဆောက်အအုံ ၂၅ ခု၊ စာသင်ကျောင်း ၂၂ ခု၊ ကျန်းမာရေးအဆောက်အအုံ ရှစ်ခု၊ ဘုန်းကြီးကျောင်း ခုနစ်ခုတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေချိန် လေကြောင်းကနေ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ဖလမ်းမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"လေယာဉ်က နေ့တိုင်းလာတယ်၊ အင်အားချပြီး အပြန်မှာ ပစ်တယ်။ ဗုံးသတ်သတ် လာကြဲတာလည်း ရှိတယ်။ နေအိမ်တွေလည်း ရစရာကို မရှိတော့ဘူး"

ချင်းပြည်နယ်မှာ အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ အကြိမ် ၈၆၀ ကျော် တိုက်ခိုက်တယ်လို့ CHRO က ပြောပါတယ်။ ဒီ့အပြင် မြေမြှုပ်မိုင်းကြောင့် အရပ်သား ၃၇ ဦး သေဆုံးပြီး ၆၈ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်က အရပ်သား ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။