ကပ်ဘေးကြောင့် ချင်း-အိန္ဒိယနယ်စပ်ဒေသ ရိက္ခာပြတ်မှာ စိုးရိမ်နေရ
2020.05.17
ကိုရိုနာကူးစက်ပြန့်ပွားမှု ထိန်းချုပ်နေတဲ့ ကာလမှာ ချင်းပြည်နယ်က အိန္ဒိယနယ်စပ်ဂိတ်ကို ပိတ်ထားတာကြောင့် စားနပ်ရိက္ခာ ပြတ်သွားမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် (ခေါ်) Covid-19 ပျံ့နှံ့မှာကို စိုးရိမ်လို့ အိန္ဒိယ-ချင်းပြည်နယ်စပ် ဂိတ်တွေပိတ်တာ၊ လုပ်ငန်းတွေ ပိတ်သိမ်းထားတာကြောင့် ချင်းပြည်နယ် မြောက်ပိုင်း နယ်စပ်ဒေသတွေမှာ လက်လုပ်လက်စားသမားတွေ အစားအသောက် ရှားပါးမယ့်ဒဏ် ကြုံလာမှာကို ချင်းအရပ်ဖက် အဖွဲ့အစည်းတချို့ စိုးရိမ်နေကြပါတယ်။
ပြည်နယ်အစိုးရက ကူညီမပေးနိုင်တဲ့နေရာတွေကို အလှူရှင်တွေနဲ့ ဇိုမီး Covid-19 တုံ့ပြန်ရေးကော်မတီတို့ ပူးပေါင်းဖြေရှင်းနေရတယ်လို့ အဖွဲ့ဥက္ကဋ္ဌ ဦးလျန်တွေင်က ပြောပါတယ်။
“အိန္ဒိယနဲ့နယ်စပ် ကျီးခါး၊ တွန်းဇံဘက် နယ်စပ်မှာကျတော့ အိန္ဒိယဘက်က ပိတ်ပစ်လိုက်တာ။ သူတို့မှာ အစကတည်းက အစားအသောက်၊ ဆေးဝါး ဝယ်တာက အစ အိန္ဒိယဘက်ကို မှီခိုလေ့ရှိတယ်။ အိန္ဒိယဘက်က ပိတ်လိုက်တော့ သူတို့မှာ ဝယ်လို့မရ၊ သွားလို့မရ ဖြစ်သွားတယ်။ တကယ်ရိက္ခာ ပြတ်မယ့်အနေအထားဖြစ် တာက ရွာ လေးငါးရွာလောက်ရှိတယ်။ အဲဒီရွာတွေကို ကျနော်တို့ ဒီကနေ ထောက်ပံ့ပေးတယ် တစ်ကမ္ဘာလုံး စိုးရိမ်နေတဲ့ ကပ်ရောဂါ နဲ့ အသက်ပျောက်မှာထက် လက်ရှိမှာ ချင်းပြည်နယ်မှာ အဟာရပျက်ပြီးတော့ စားစရာ ပြတ်ပြီးတော့ မြင်မကောင်း၊ ကြားမကောင်းဖြစ်မယ့် အနေအထားရှိတယ်”
တွန်းဇံမြို့နယ် ကျီးခါးနဲ့ မဏိပူရ် နယ်စပ်မှာ ငတ်ပြတ်တာနဲ့ကြုံနိုင်တဲ့ လူဦးရေ နှစ်ရာ့ ငါးဆယ်ခန့် ရှိပါတယ်။ သူတို့အဓိက လုပ်ကိုင်တာက ဒေသမှာထွက်တဲ့ ဟင်းသီးဟင်းရွက်တွေကို အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ်ကို သွားပြီး ဈေးရောင်းဈေးဝယ် လုပ်ကိုင်နေရတာပါ။ အခုလို ပိတ်လိုက်လို့ အစားအသောက် ပြတ်လပ်မှုနဲ့ ကြုံရနိုင်တဲ့ အနေအထားရှိပါတယ်။
ချင်းပြည်နယ်မှာ တောတောင် ထူထပ်ပေမယ့် ကိုယ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ပြီး ထုတ်လုပ်ရောင်းချ နိုင်ခြင်း မရှိသေးတာကြောင့် နယ်စပ်ဒေသက တင်သွင်းလာတဲ့ကုန်တွေကို မှီခိုစားသောက်ကြပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ဘေးဟာ ချင်းပြည်နယ်မှာ စိုက်ပျိုး ထုတ်လုပ်မှုတွေ လုပ်ဖို့အတွက် အချက်ပေးတဲ့ ခေါင်းလောင်းသံ ဖြစ်တယ်လို့ ဦးလျန်တွေင်က ဆိုပါတယ်။
“ကျွန်တော်တို့ သွားမယ်ဆိုရင် ရက်ကွက်ထောက်ခံစာ၊ ကျေးရွာထောက်ခံစာ ယူရတယ်။ အဲဒါနဲ့ မရသေးဘူး။ မြို့နယ်ထောက်ခံစာ ယူရတယ်။ ခိုင်ကမ်းမြို့က ထောက်ခံစာပေးမှ ကလေးမြို့ကို ဝင်လို့ရပါတယ်။ အဲခါကျ မှပဲ ဈေးဝယ်လို့ ရတာပေါ့။ တော်တော်လေး ခက်ခဲပါတယ်”
ချင်းပြည်နယ်ဟာ ဈေးဝယ်တာ၊ ဈေး ရောင်းတာကအစ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ကို မှီခိုနေတာပါ။ ချင်းပြည်နယ်ကထွက်တဲ့ ကုန်စိမ်းတွေကို ကလေးမြို့မှာရောင်းပြီ ကလေးမြို့ကနေ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံရိက္ခာပစ္စည်းတွေကို ပြန်သယ်ရပါတယ်။ လက်ရှိ ကလေးမြို့ အဝင်ဂိတ်ကနေ စစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် သွားလာလို့ ခက်ခဲနေပါတယ်။
“လေးလပိုင်း ၁၃ ကနေ ၁၇ ပေါ့။ ဒီနယ်စပ်ကို ကျနော် လူမူရေးဝန်ကြီးနဲ့ သွားလိုက်တော့ အိန္ဒိယ နယ်စပ်က ပိတ်ထားတဲ့ခါကျတော့ နယ်စပ်နားမှာကျတော့ အိန္ဒိယကို အားကိုးပြီးတော့မှ ဆန်၊ ဆီ၊ ဆား စသဖြင့် အရောင်းအဝယ် လုပ်ခဲ့ရတဲ့အတွက် အခက်အခဲတော့ရှိတယ်။ အစိုးရ အနေနဲ့တော့ ကူညီတာ တစ်ခါလောက် တော့ ရှိပါတယ်။ ထပ်ပြီးတော့ အခက်ခဲရှိလာရင် ကူညီလုပ်ဖို့ လုပ်ဆောင်ထားပါတယ်။ သူတို့အတွက် တတ်နိုင်သလောက်တော့ လုပ်ပေးနေတာပဲလေ။ ဟိုဘက်ကို သွားလို့ မရသေးရင်တော့ ဆက်ပြီးတော့ ကူညီသွားဖို့ကတော့ စဉ်းစားထားပြီးသားရှိတယ်”
ချင်းပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုလူနာ မေလ ၁၆ ရက်နေ့ထိ စုစုပေါင်း ခုနှစ်ယောက်ရှိပြီး နှစ်ယောက်ကိုတော့ ရောဂါပိုးပျောက်ကင်းသွားလို့ ဆေးရုံက ဆင်းခိုင်း လိုက်ပြီဖြစ်ပါတယ်။
လမ်းပန်းဆက်သွယ်ရေးအတွက် ချင်းပြည်နယ် အစိုးရက ဦးစားပေးလုပ်ဆောင်နေပေမယ့် ချင်းတောင်တန်း တွေဟာ သက်နုတောင်တန်းတွေ ဖြစ်တာကြောင့် မြေပြိုမှုတွေ မကြာခဏ ဖြစ်ပေါ်တတ်ပြီး လမ်းပန်းဆက် သွယ်ရေး အခက်အခဲလည်း ရှိနေပါတယ်။ ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ်တွေထဲမှာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးပြည်နယ် ဖြစ်သလို လျှပ်စစ်မီးရရှိမှုလည်း ၇၀ % သာ ရရှိသေးတာဖြစ်တယ်လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။