ပြည်နယ်ဝန်ကြီး ခန့်အပ်မှု NLD ကိုယ်စားလှယ် ၅ ဦး ကန့်ကွက်


2018.05.26
soehtet-chin-mp-622.jpg ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့ ဦးစိုးထက် (အလယ်လူ)ကို တွေ့ရစဉ်
Photo: Soe Htet - facebook

ချင်းပြည်နယ်အစိုးရအဖွဲ့မှာ လစ်လပ်သွားတဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး နေရာအတွက် အစားထိုးခန့်အပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၅ ဦးက ကန့်ကွက်ကြောင်းပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းတာမရှိဘဲ အထက်ကအမိန့်ကြောင့် ခန့်အပ်လိုက်တာဖြစ်တဲ့အတွက် ဒီမိုကရေစီမကျလို့ မနေ့က လွှတ်တော်အစည်းအဝေးကနေ ထွက်လာခဲ့တယ်လို့ မင်းတပ်မြို့နယ်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတိတ်ထန်းက ပြောပါတယ်။

"အခုဟာက လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တဲ့၊ ပါတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးဇိုဘွဲက ညှိနှိုင်းဆောင်ရွက်မှု မရှိဘဲနဲ့၊ အထက်ကအမိန့်၊ နိုင်ငံတော် အတိုင်ပင်ခံနဲ့ ဒု သမ္မတရဲ့ အမိန့်နဲ့ ဦးစိုးထက်ကို ချင်းပြည်နယ်အစိုးရ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်လိုက်မယ်၊ သူတို့က အဲဒီလိုသတ်မှတ်လို့ ကျနော်တို့ ဒီလိုသတ်မှတ်တယ်ဆိုပြီးမှ ပြောတယ်၊ ဒီမိုကရေစီခေတ်မှာ အာဏာရှင်ဆိုတဲ့ ဗဟိုအာဏာရှင် သက်ရောက်တယ်လို့ ဒီမိုကရေစီ မကျတဲ့အတွက်ကြောင့် လက်မခံနိုင်ဘူးဆိုပြီးတော့မှ ကျနော်တို့ တောင်ပိုင်း လွှတ်တော်ကိုယ်စားလှယ်အားလုံး ထွက်လာပါတယ်၊ ပလက်ဝရယ်၊ ကန်ပက်လက်ရယ်၊ မင်းတပ်ရယ်၊ တွန်းဇံရယ် ၄ မြို့နယ်ဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ် ၅ ယောက် ဖြစ်ပါတယ်"

မနေ့က ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ဦးစိုးထက် ဆိုသူကို ပြည်နယ်ဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းစဉ်မှာ မကျေနပ်တဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၅ ဦးဟာ မနေ့က လွှတ်တော်အစည်းအဝေး ကနေ ထွက်လာခဲ့တာဖြစ်ပါတယ်။ မနေ့က အစည်းအဝေးမှာ အမည်စာရင်းတင်သွင်းပြီး တစ်ခါတည်းအတည်ပြု လိုက်ပါတယ်။

ဦးစိုးထက်ဟာ အမျိုးသားလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်တာဝန် ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်တယ်လို့ ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲက ပြောပါတယ်။

"ဦးစိုးထက်နဲ့ အစားထိုးခဲ့တယ်၊ အမျိုးသားလွှတ်တော်မှာ ဒုတိယညွှန်ကြားရေးမှူးချုပ်လုပ်တယ် လက်ရှိ၊ လွှတ်တော်မှာတော့ အတည်ပြုပြီးပြီ၊ ဝန်ကြီးချုပ်ကနေ သမ္မတရုံးတင်မယ်"

လစ်လပ်သွားတဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး နေရာအတွက် ဦးစိုးထက် ဆိုသူကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက မနေ့က ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဦးစိုးထက်ဟာ တပ်မတော်မှာ ၂၉ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး ဖြစ်ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲနောက်ပိုင်း ချင်းပြည်နယ်အစိုးရအဖွ့ဲကို ဖွဲ့စည်းစဉ်က ပြည်နယ်ဝန်ကြီးတွေအဖြစ် ပြင်ပပညာရှင်တွေကို ခန့်အပ်ခဲ့စဉ်ကလည်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်တာမရှိခဲ့ဘူးလို့ ဦးတိတ်ထန်းက ဆိုပါတယ်။

ချင်းပြည်နယ်အစိုးရအဖွဲ့မှာ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး တာဝန်ယူခဲ့တဲ့ ဆလိုင်းအိုက် ဇက်ခင်ကို သူ့ရဲ့သဘောဆန္ဒအလျောက် ပြည်နယ်ဝန်ကြီးရာထူးကနေ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း မေလ ၁၇ ရက်နေ့က နိုင်ငံတော် သမ္မတက ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဟားခါးမြို့ပြစီမံကိန်း၊ ဟားခါးဈေးတည်ဆောက်ရေးနဲ့ ဖလမ်းရေပေးရေးစီမံကိန်းလုပ်ငန်းတွေ အကောင် အထည်ဖော်ဆောင်ရွက်ရာမှာ သတ်မှတ်အချိန်အတွင်း အဆင်ပြေချောမွေ့အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တဲ့အတွက် သက်ဆိုင်ရာပြည်သူလူထုတွေမှာ အခက်အခဲတွေကြုံတွေ့ခဲ့ရတာကြောင့် တာဝန်ယူ၊ တာဝန်ခံမှုပြုတဲ့အနေနဲ့ မိမိသဘောဆန္ဒအလျောက် ရာထူးတာဝန်ကနေ နုတ်ထွက်ခွင့်ပြုဖို့ တင်ပြခဲ့တာဖြစ်ကြောင်း ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။