ပလက်ဝက ဒုက္ခသည်တွေကို နေရပ်ပြန်ခိုင်းလို့ စားဝတ်နေရေးအခက်ကြုံ
2022.12.28

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ဝလက်ဝမြို့ပေါ်ကို တိမ်းရှောင်လာတဲ့ အဘောင်သားရွာက စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ပို့တာကြောင့် စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ပေါ်ကို တိမ်းရှောင်လာတဲ့ အဘောင်သားရွာက စစ်ဘေးဒုက္ခသည် လေးရာကျော်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၆ ရက်နေ့မှာ နေရပ်ကို ပြန်ပို့ခဲ့တာလို့ ဆိုပါတယ်။
အဘောင်သားရွာမှာ နေအိမ်တွေ ပျက်စီးနေတာ၊ စားနပ်ရိက္ခာ မလုံလောက်တာနဲ့ စိုက်ပျိုးရေးအတွက် အချိန်မရှိတော့တာကြောင့် အခက်အခဲတွေ ကြုံနေရတာလို့ အဘောင်သားရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကျနော်တို့ကို စစ်ကောင်စီက ချက်ချင်းပြန်ခိုင်းတာ။ ဘာမှယူချိန် မရလိုက်ဘူး။ အမှတ် ၁၁ ခြေမြန်တပ်ဌာနချုပ်က တပ်မမှူးကိုယ်တိုင် လိုက်ပို့တယ်။ ရွာအထိတော့ မဟုတ်ဘူး။ သရက်တောရွာ အထိပဲ။ အထောက်ပံ့လည်း ဘာမှမရဘူး။ စားစရာ သောက်စရာလည်းမရှိ။ တောင်ယာလုပ်မယ်ဆိုတော့လည်း အရင်းက မရှိ၊ အချိန်က နှောင်းပြီလေ”
ရွာမှာ တိုက်ပွဲလက်ကျန် မိုင်းတွေရှိနေပြီး လက်ရှိအချိန်ထိ မိုင်းမရှင်းလင်းရသေး တာကြောင့် သွားလာရေးအတွက်လည်း စိုးရိမ်နေကြရတယ်လို့ သူက ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ခိုင်းတဲ့ ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရ ပြည်နယ် လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ဒီဇင်ဘာ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းလေးသောင်း နီးပါး ရှိနေပါတယ်။
ပြည်တွင်း စစ်ဘေးဒုက္ခသည် ၉၉,၅၅၀ ကျော်နဲ့ ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် ၄၀,၀၀၀ ကျော်ထိရှိနေတာလို့ ISP Myanmar ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။