တရုတ်နယ်စပ် ဒုက္ခသည်စခန်း အပျက်အစီးများပြား
2016.04.24

အခုတလော ရာသီဥတု ဆိုးဝါးတဲ့ဒဏ်ကြောင့် မြန်မာနိုင်ငံ ဒေသအတော်များများမှာ ပျက်စီးဆုံးရှုံးတာတွေရှိနေ သလို တရုတ်မြန်မာနယ်စပ်ရှိ ကချင်ဒုက္ခသည်စခန်းတွေမှာလည်း အဆောက်အအုံတွေ အတော်များများပျက်စီး သွားတယ်လို့သိရပါတယ်။
ဧပြီလ ၂၂ ရက်နေ့က စတင်ပြီး လေပြင်းတိုက်ခိုက်သလို မိုးသီးတွေ ပါကျတာကြောင့် တရုတ်မြန်မာနယ်စပ် မိုင်ဂျာယန်အနီးရှိ ဒုက္ခသည်စခန်းတွေ က အဆောက်အဦးတွေ ပျက်စီးသွားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဒုက္ခသည်အရေး အကူအညီပေးနေတဲ့ ဆရာမ ဒေါ်မေရီတန် က ခုလိုပြောဆိုပါတယ်။
"ကျမတို့ ဘွန်စစ်ပါစခန်းကဆိုရင် တော်တော်များများပျက်စီးသွားတယ်၊ သူက မိုးသီးရော လေပြင်းရော အကုန်လုံးပါတဲ့အတွက်လေ၊ အဲ့ဒီ IDP တွေနေတဲ့ အိမ်က ၃၈ လုံး တစ်တန်းပေါ့၊ ပြီးရင် မီးဖိုချောင်ဆို တစ်တန်းကြီး လုပ်ထားပေးတာတော့ အဲ့ဒီမီးဖိုချောင်တစ်တန်းလုံး၊ အလယ်တန်းကျောင်း က ကျောင်းဆောင် ၁ဝ ခန်းပါတဲ့ ကျောင်းဆောင် ပြိုသွားတယ်၊ ဂိုဒေါင်တစ်လုံး၊ နောက်အမျိုးသမီး အမျိုးသားဘော်ဒါဆောင်ရှိတယ်၊ အလယ်တန်းကလေးတွေ အဆောင်ပျက်စီးသွားတယ်။ အိမ်သာဆို လည်း ၂၇ လုံး၊ ဘွန်စစ်ပါစခန်းက တော်တော်လေးအထိနာသွားတယ်"
ဒါ့အပြင် ကေအိုင်အို ဌာနချုပ် လိုင်ဇာအနီးရှိ မဂါးယန် နဲ့ ဇိုင်းအောင် ဒုက္ခသည်စခန်းတွေမှာလည်း လေပြင်း တိုက်ခတ်တာကြောင့် အလားတူ အဆောက်အအုံ အပျက်အစီးတွေရှိတယ်လို့ လည်းသိရပါတယ်။ အခုလို အပျက်အစီးတွေများတာကြောင့် ဒုက္ခသည်တွေ နေရေးထိုင်ရေးအတွက် ဖြစ်သလို စီစဉ်ထားရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
"ပျက်စီးသွားတဲ့ဟာအတွက် ကျမတို့က လူတွေကို ဘေးလုံခြုံရာမှာ ခဏအိပ်ခိုင်းထားရတာမျိုးတွေ လုပ်နေရတာပေါ့၊ ပြန်လုပ်ရမယ့်ဟာတွေလည်း ရှိတယ်၊ အခု နည်းနည်းပြန်လုပ်ထားတဲ့ဟာတွေ လည်း လေပြင်းကျတဲ့အခါ မခံနိုင်ဘူးလေ၊ နောက်ပြီး ဒီနေ့လည်း မိုးရွာတယ်၊ မနက်ဖြန်လည်း ရွာမလားမသိဘူး၊ မိုးတိတ်သွားပြီဆိုရင် သန့်ရှင်းရေးတွေဘာတွေ ခေါ်လုပ်ပြီးမှ မနက်ဖြန် ရုံးတက်တဲ့နေ့မှာ UN တို့က ပြန်အကြောင်းကြားလာတဲ့အပေါ်မှာ ကြည့်ပြီး ပြန်လုပ်ရမှာပေါ့၊ အခုက အဆောက်အဦးတွေ ဖြစ်နေတဲ့အခါကျတော့ UNHCR နဲ့ လက်တွဲလုပ်ထားတာဆိုတော့ သူတို့ က ပြန် လုပ်ပေးရမှာပေါ့၊ လောလောဆယ် သစ်တွေ အများကြီးလိုတယ်၊ ဆောက်လုပ်ရေးပစ္စည်းတွေ အများကြီးလိုတယ်"
၂ဝ၁၁ ခုနှစ်ကစပြီး အစိုးရတပ်နဲ့ ကေအိုင်အိုတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် တရုတ်မြန်မာနယ်စပ်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်ဦးရေ ရှစ်သောင်းခန့်ရှိတယ်လို့ သိရပါတယ်။