တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ ဒီသီတင်းပတ်ကုန် မြန်မာနိုင်ငံ သွားမည်

2022.06.28
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ ဒီသီတင်းပတ်ကုန် မြန်မာနိုင်ငံ သွားမည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ။
AFP

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ (Wang Yi) ဟာ ဒေသဆိုင်ရာဆွေးနွေးပွဲတစ်ခုအတွက် ဒီသီတင်းပတ်ကုန်မှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း က AFP သတင်းဋ္ဌာနကို ပြောပါတယ်။

ဒါဟာ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးကတည်းက တရုတ်အစိုးရ အဆင့်မြင့်အရာရှိတစ်ဦးရဲ့ မြန်မာနိုင်ငံခရီးစဉ်လည်းဖြစ်ပါတယ်။ 

တရုတ်နိုင်ငံဟာ မြန်မာစစ်တပ်နဲ့ နီးစပ်သလို၊ မြန်မာစစ်တပ်ကိုလည်း အများဆုံး လက်နက်ရောင်းချနေတဲ့ နိုင်ငံလည်းဖြစ်တဲ့အပြင် မနှစ်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး၊ အာဏာသိမ်းယူခဲ့တာကို “အာဏာသိမ်း” တယ်ဆိုတဲ့ စကားလုံးအသုံးအနှုန်းကိုလည်း လက်မခံခဲ့ပါဘူး။

မစ္စတာ ဝမ်ယီဟာ လန်ချန်-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို တက်ရောက်ဖို့အတွက် မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး၊ ဒီခရီးစဉ်အတွင်း အာဏာသိမ်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မစ္စတာ ဝမ်ယီ တွေ့ဆုံမလားဆိုတာတော့ သူအနေနဲ့ အတိအကျ မပြောနိုင်သေးဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က AFP ပြောပါတယ်။

မဲခေါင်မြစ်အထက်ပိုင်းကို တရုတ်နိုင်ငံက လန်ချန်လို့ခေါ်ပြီး၊ မဲခေါင်မြစ်ကြောင်းတလျှောက်က နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ မြန်မာ၊ ဗီယက်နမ်တို့နဲ့ ပူးတွဲပြုလုပ်တဲ့ အစည်းအဝေးဖြစ်ပါတယ်။

ဒီအစည်းအဝေးကို ဇူလိုင် ၂ ရက်ကနေ ၅ ရက်အထိ ပြုလုပ်မှာဖြစ်ပြီး၊ နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်မှာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် အနောက်နိုင်ငံအစိုးရတွေက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်လာချိန်မှာ - စစ်ကောင်စီက တရုတ်နဲ့ ရုရှားအပါအဝင် မဟာမိတ်တွေနဲ့ ဆက်ဆံရေး ပိုနီးစပ်လာတာဖြစ်ပါတယ်။

အခြေအနေတွေ ဘယ်လိုပဲပြောင်းပြောင်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေး ကာကွယ်ရေးရာမှာ ကူညီသွားမယ်လို့ တရုတ်အစိုးရက ဧပြီလမှာ ပြောဆိုခဲ့တာပါ။

တဘက်မှာတော့ - စစ်ကောင်စီဟာ နိုင်ငံတကာဆင့်မြင့်မှာ အထီးကျန်ဖြစ်လာနေပြီး၊ စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံကို သွားရောက်တာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) ပဲ ရှိခဲ့ပါတယ်။

ဖေဖော်ဝါရီလကဆိုရင်လည်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အာဆီယံအစည်းအဝေး တက်ရောက်ခွင့် တားမြစ်ခံခဲ့ရတာပါ။

ဒါ့အပြင် တရုတ်နဲ့ ရုရှားဟာ မြန်မာစစ်တပ်ကို တိုက်လေယာဉ်တွေနဲ့ ကျည်ကာကားတွေအပါအဝင် လက်နက်တွေကို ဆက်လက်ပေးပို့နေတယ်လို့ မြန်မာ့အရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တစ်ဦးကလည်း ဖေဖော်ဝါရီလထဲမှာပဲ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် သေဆုံးရသူ ၂ ထောင်ကျော်သွားပြီလို့ အရပ်ဘက်အဖွဲ့တစ်ခု ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။