ဝူဟန်မြို့မှာ အကျဉ်းကျနေသူ မြန်မာနိုင်ငံသားနှစ်ရာကျော် တရုတ်က ပြန်လွှဲပေး
ကံသာ
2020.05.07
2020.05.07
ကိုရိုဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ ဟူပေးပြည်နယ် ဝူဟန်မြို့မှာ အလုပ်လုပ်ရင်း ဖမ်းဆီးအကျဉ်း ကျခံနေရတဲ့ မြန်မာနိုင်ငံသား ၂၄၁ ဦးအပါအဝင် တရုတ်နိုင်ငံအတွင်း အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံ နေရတဲ့ မြန်မာနိုင်ငံသား ၂၅၀ ကျော်ကို တရုတ်အာဏာပိုင်တွေက မူဆယ်နယ်စပ် နန်းတော်ဂိတ်ပေါက်မှာရှိတဲ့ မြန်မာနယ်စပ်လဝက တာဝန်ရှိသူတွေထံကို ဒီမနက်ပိုင်းက လာရောက်လွှဲပြောင်းပေးခဲ့ပါတယ်။
မူလက ၂၄၃ ဦး လွှဲပြောင်းဖို့ဖြစ်ပေမယ့် ကျန်းမာရေး မကောင်းသူတစ်ဦးနဲ့ အမှုကိစ္စရင်ဆိုင်နေရသူတစ်ဦး စုစုပေါင်း နှစ်ဦးကတော့ ကျန်နေခဲ့တယ်လို့ဆိုပါတယ်။
ပြန်လာသူတွေဟာ ဝူဟန်မြို့က ကြက်သားစက်ရုံ၊ အဲကွန်းစက်ရုံစတဲ့ စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်နေ ကြတာဖြစ်ပြီး တရုတ်နှစ်သစ်ကူးကာလ ဝူဟန်ရောဂါဖြစ်တဲ့အချိန်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ပြောပါတယ်။
ဖမ်းဆီခံရပြီးအချုပ်မှာ တစ်လလောက်နေခဲ့ရသူတွေရှိသလို တချို့က သုံးလေးလနေခဲ့ကြရသူတွေလည်း ရှိတယ်လို့ ပြန်ရောက်လာသူတွေက ပြောပါတယ်။
ဝူဟန်ကနေ ပြန်လည်လွှဲပြောင်းပေးလာတဲ့ မြန်မာနိုင်ငံသားတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ ကျောက်မဲနဲ့ နမ့်ဆန်မြို့၊ ကွတ်ခိုင်၊ မန်တုံမြို့နယ်တွေက အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ဦး၊ မောင်းတောနဲ့ စစ်ကိုင်း တိုင်း ဒီပဲရင်းမြို့နယ်တွေကသူတွေပါဝင်တာကို တွေ့ရပါတယ်။
မြန်မာအလုပ်သမားတွေဟာ ဝူဟန်ကို ပွဲစားတွေကနေတဆင့် ခေါ်လို့သွားကြတာဖြစ်ပြီး ကားလမ်းခရီးနဲ့ဆိုရင် တစ်ပတ်လောက်အထိ သွားရတယ်လို့ ပြောပါတယ်။ အဖမ်းခံရချိန်မှာ လူငါးယောက်ကို တစ်ခန်းနှုန်းနဲ့ သီးသန့် ချုပ်ထားပြီး စားစရာတွေ ကျွေးမွေးသလို ကျန်းမာရေးစစ်ဆေးတာတွေ လုပ်ဆောင်ပေးတယ်လို့ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကနေ ဝူဟန်မြို့က ကြက်သားစက်ရုံမှာ အလုပ်သွားလုပ်တဲ့ ကိုအောင်ကျော်ဇင်က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ နမ့်ဆန်မြို့ကနေ ဝူဟန်မြို့ကို အလုပ်သွားလုပ်တဲ့ ကိုပိုးဒီကတော့ ဝူဟန်မှာ ရောဂါဖြစ်ပွားတဲ့အချိန် စားသောက်ရေးခက်ခဲပြီး ပိတ်မိသလိုဖြစ်နေလို့ တရုတ်ရဲကို လာဖမ်းခိုင်းလိုက်တာလို့ ပြောပါတယ်။
ပြန်လာသူတွေဟာ ကျန်းမာရေးစောင့်ကြည့်ခံခဲ့ရပြီးသူတွေဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကြသူတွေဖြစ်ကြောင်း တရုတ်က ထုတ်ပေးတဲ့ ထောက်ခံချက် လက်မှတ်တွေပါဝင်တယ်လို့ ဆိုပါတယ်။
သူတို့ကို မူဆယ်မြို့က ကျန်းမာရေးစောင့်ကြည့်တဲ့နေရာတွေမှာ ကျန်းမာရေးစစ်ဆေးတာတွေလုပ်ပြီး သူတို့ဒေသကို ပြန်ပို့မှာဖြစ်ပါတယ်။
သူတို့ဒေသမှာလည်း ကျန်မာရေးထပ်မံစောင့်ကြည့်နိုင်ဖို့ စီစဉ်သွားမယ်လို့ မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန် က ပြောပါတယ်။ လက်ရှိမှာ သူတို့ကို မူဆယ်မြို့က အထက ၃ နဲ့ တရုတ်စာသင်ကျောင်းမှာထားရှိမှာ ဖြစ်ပြီး စားဝတ်နေရေးအတွက် စေတနာရှင်တွေ ဌာနဆိုင်ရာနဲ့ ပရဟိတအဖွဲ့တွေက ကူညီပေးနေကြတာပါ။
ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု များနေတဲ့အချိန်အတွင်း အဲဒီမှာကျောင်းတက်နေတဲ့ မြန်မာနိုင်ငံသား ၅၉ ဦးကိုလည်း နှစ်နိုင်ငံညှိနှိုင်းပြီး မြန်မာအစိုးရက အထူးလေယာဉ်စေလွှတ်ပြီး ပြန်လည်ခေါ်ယူတာလည်း ရှိခဲ့ပါတယ်။
တရုတ်မြန်မာနှစ်နိုင်ငံနယ်စပ်ကနေ တရုတ်နိုင်ငံထဲကို အလုပ်သွားလုပ်တဲ့ မြန်မာနိုင်ငံသား နှစ်စဉ်သိန်းနဲ့ချီပြီး ရှိနေတာပါ။သူတို့တွေဟာ ခြောက်ညအိပ်ခုနှစ်ရက်သက်တမ်းရှိတဲ့ တစ်ခါသုံးနယ်စပ်ဖြတ်သန်းခွင့်စာအုပ်တွေနဲ့ ကန့်သတ်ထားတဲ့ဒေသတွေကို ကျော်လွန်ပြီးအလုပ်သွားလုပ်ကြတာမှာ မကြာခဏဆိုသလို တရုတ်တွေ ဖမ်းဆီးတာကိုခံကြရပြီးတရုတ်အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံရလေ့ရှိပါတယ်။
ဖမ်းဆီးခံရတဲ့ ဒေသအလိုက် အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံရပြီး မြန်မာနိုင်ငံသားတွေကို လစဉ်မြန်မာ နယ်စပ်ကို တရုတ်အာဏာပိုင်တွေက လွှဲပြောင်းပေးလေ့ရှိပါတယ်။
မေလ ၆ ရက်နေ့ မနေ့ကတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခွင်းမင်အကျဉ်းထောင်နဲ့ ဟူနန်အကျဉ်းထောင် တွေမှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသား ငါးဆယ်ကျော်ကို လွှဲပြောင်းပေးခဲ့သလို ဒီကနေ့မှာတော့ ဝူဟန်မြို့မှာ ဖမ်းဆီးခံရသူတွေနဲ့ တခြားအကျဉ်းထောင်တွေမှာ ဖမ်းဆီးခံသူတွေအပါအဝင် လူဦးရေ ၂၅၀ ကျော်ကို လွှဲပြောင်း ပေးခဲ့တာပါ။ တရုတ်အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရသူတွေ အများအပြာကျန်နေသေးကြောင်း ပြန်လွှတ် လာသူတွေက ပြောပါတယ်။