တရုတ်နယ်စပ်အနီးတိုက်ပွဲ စစ်ကောင်စီတပ်သား ၂ဝ ကျော် ကျဆုံး

တရုတ်နယ်စပ်အနီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ MNDAA မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် နဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေခဲ့ရာမှာ စစ်ကောင်စီဘက် အနည်းဆုံး ၂၃ ဦး သေဆုံးခဲ့ကြောင်း MNDAA ပြောခွင့်ရသူက သောကြာနေ့က ပြောပါတယ်။
ဩဂုတ်လ ၂၈ ရက်နေ့က ရှမ်းပြည်နယ် မုံးကိုးဒေသအတွင်း၊ MNDAA ရဲ့ အခြေစိုက်စခန်းတစ်ခုကို စစ်ကောင်စီတပ်တွေက သိမ်းပိုက်ဖို့ ကြိုးစားခဲ့ရာမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်း၊ MNDAA တပ်စွဲ ထားရာ တောင်ကုန်းကိုတက်ရောက်သိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့ စစ်ကောင်စီဘက်မှာ အကျအဆုံး များပြားကြောင်းလည်း ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း မုံးကိုးတိုက်ပွဲမှာ အရာရှိတစ်ဦးနဲ့ စစ်သည်တချို့ ကျဆုံးခဲ့ကြောင်း တနင်္လာနေ့က ပြောဆိုခဲ့ပါတယ်။ နောက်ထပ်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ မပြောဆိုပါဘူး။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း နှစ်ဆယ်ကျော်ရှိပြီး၊ အများစုက နယ်စပ်ဒေသတွေမှာ အခြေစိုက်နေကြတာပါ။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကိုးကန့်ဒေသက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား၊ တိုက်ပွဲတွေ လနဲ့ချီ ဖြစ်ပွားခဲ့ရာမှာ အသက်ဆုံးရှုံးသူ များပြားခဲ့ပြီး၊ ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြရာမှာ အများစုက တရုတ်ပြည်အတွင်း ဝင်ရောက်ခိုလှုံခဲ့ကြပါတယ်။