ဘုရားသုံးဆူမြို့ကနေ တရုတ်ငွေလိမ်ဂိုဏ်းတွေ ထွက်ခွာ
2025.02.13

ထိုင်းအစိုးရက အင်တာနက်၊ လျှပ်စစ်မီးနဲ့ လောင်စာဆီ ရောင်းချတာ ဖြတ်တောက်လိုက်တဲ့နောက် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာရှိတဲ့ တရုတ်ငွေလိမ်လုပ်ငန်းတွေ မြို့ကနေ ထွက်ခွာသွားကြတယ်လို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ဒါဇင်နဲ့ချီတဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေလည်း ပိတ်သိမ်းသွားကြတယ်လို့ ဆိုပါတယ်။
အဲဒီဒေသကို ထိန်းချုပ်ထားတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) က ဘုရားသုံးဆူမြို့နယ်အတွင်း ကာစီနို လောင်းကစားရုံတွေနဲ့ စားသောက်ကုန်တွေမှာ လုပ်ကိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထားထွက်ခွာကြဖို့ သတိပေးကြေညာထားပါတယ်။
ဘုရားသုံးဆူမြို့က အဆောက်အအုံပိုင်ရှင်တချို့ ပြောဆိုချက်အရ တရုတ်လူမျိုးတွေဟာ တစ်လကို ဘတ်ငွေ နှစ်သိန်းကနေ သုံးသိန်းပေးပြီး ငှားရမ်းနေထိုင်ကြတာဖြစ်ပြီး အဆောက်အအုံတွေကို ရုံးခန်းတွေအဖြစ် ပြုပြင်ပြောင်းလဲကာ လုံခြုံရေးအစောင့်တွေ ချထားလေ့ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ တရုတ်လူမျိုး နှစ်ရာကနေ သုံးရာလောက် နေထိုင်တဲ့ အဆောက်အအုံတွေမှာ အပြင်လူဝင်ခွင့်မပြုဘူးလို့ ဆိုပါတယ်။
အရင်က ဘုရားသုံးဆူမြို့မှာ အဆောက်အအုံတွေနဲ့ ဆိုင်ခန်းအများအပြားကို တရုတ်လူမျိုးတွေ ဝယ်ယူငှားရမ်းကာ ဆံပင်ညှပ်ဆိုင်၊ စားသောက်ဆိုင်နဲ့ ကျားဖြန့်လုပ်ငန်းတွေဖြစ်တဲ့ အွန်လိုင်းဂိမ်းစင်တာတွေ ဖွင့်လှစ်ခဲ့ကြပြီး အခုဆို အဲဒီလို ဆိုင်ခန်းပေါင်း ၂ဝဝ ကျော် ပိတ်သွားပြီလို့ သတင်းမှာ ဖော်ပြပါတယ်။
ဘုရားသုံးဆူမြို့ဟာ ကျားဖြန့်လုပ်ငန်းတွေကို ဖြိုခွဲဖို့ ထိုင်းအစိုးရ ပစ်မှတ်ထားတဲ့ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး ထိုင်းအစိုးရက အင်တာနက်၊ လောင်စာဆီနဲ့ လျှပ်စစ်မီး ဖြတ်တောက်လိုက်တာကြောင့် ဘုရားသုံးဆူမှာရှိတဲ့ လူပေါင်း ငါးသောင်းကျော် ထိခိုက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒီလိုဖြတ်တောက်လိုက်ပြီးနောက် DKBA က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ အဓမ္မအလုပ်ခိုင်းစေခံနေရတဲ့ နိုင်ငံခြားသား ၂၆၁ ဦးကို ထိုင်းဘက် လွှဲပြောင်းပေးခဲ့ပြီး မကြာခင်မှာ လူပေါင်း တစ်သောင်းဝန်းကျင် ထပ်မံလွတ်မြောက်လာနိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောထားပါတယ်။