ငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတွေလွတ်မြောက်ဖို့ တောင်းဆို

RFA Burmese
2025.01.22
ငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတွေလွတ်မြောက်ဖို့ တောင်းဆို ထိုင်းမြန်မာနယ်စပ်တွင် ပျောက်ဆုံးပြီး ပြန်လည်တွေ့ရှိခဲ့သည့် တရုတ် သရုပ်ဆောင် Wang Xing ခေါ် Xingxing။
Weibo

မြန်မာနိုင်ငံက ငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့တရုတ်နိုင်ငံသားတွေ လွတ်မြောက်ရေးအတွက် သူတို့ရဲ့ဆွေမျိုးသားချင်းတွေက တောင်းဆို နေကြပါတယ်။

တရုတ်သရုပ်ဆောင် Wang Xing လွတ်မြောက်လာပြီးနောက် လူကုန်ကူးခံရသူတွေအတွက် တောင်းဆိုမှုတွေ အရှိန်မြင့်လာခဲ့တယ်လို့ Reuters သတင်းက ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ရေးသားပါတယ်။

Wang Xing ကို ကယ်တင်ပြီးနောက် ဒီရက်ပိုင်းအတွင်း တရုတ်နိုင်ငံသားတွေက လူထုအခြေပြုလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ရာမှာ တရုတ်နဲ့ထိုင်းနိုင်ငံတွေကနေတစ်ဆင့် မြန်မာနိုင်ငံကို လူကုန်ကူးခံရတယ်လို့ မိသားစုဝင်တွေကပြောတဲ့ တရုတ်နိုင်ငံသား ၁၈ဝဝ နီးပါးရဲ့ အမည်စာရင်းတွေ ရရှိလာခဲ့ပါတယ်။

“Star Homecoming” လို့အမည်ပေးထားတဲ့ ဒီကမ်ပိန်းမှာ အမည်ဖော်ထုတ်ခံရသူ ၁၈ဝဝ နီးပါးထဲက ၉၃ ရာခိုင်နှုန်းဟာ အမျိုးသားတွေဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် အသက် ၂၇ နှစ်အရွယ်တွေဖြစ်ကြပြီး အများစုက အသက် ၁၅ နှစ်ကနေ ၄၅ နှစ်ကြားဖြစ်ပါတယ်။

စီးပွားရေးကျပ်တည်းမှု၊ အကြွေးတွေနဲ့ အလုပ်အကိုင်ဆုံးရှုံးမှုတွေက သူတို့ကို ငွေလိမ်ဂိုဏ်းတွေဆီကို ရောက်သွားစေခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက လိမ်လည်မှုတွေကိုနှိမ်နင်းဖို့နဲ့ လူကုန်ကူးခံရသူတွေကို ကယ်တင်ဖို့ အစွမ်းကုန်ကြိုးစားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကျယ်ပြန်လာတဲ့တိုက်ပွဲတွေကြားမှာ အလုပ်သမားတွေကို ရက်ရက်စက်စက်ခိုင်းစေတဲ့ ငွေလိမ်လုပ်ငန်းတွေဟာ ပိုမိုများပြားလာခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။